နေပြည်တော်၊ ဧပြီ ၇    

 

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ဧပြီ ၆ ရက် ညနေပိုင်းက နေပြည်တော် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးရှိ ညောင်ပင်ကွင်းပျံကျဈေးနေရာတွင် Steel Structure (၂၃၂ ပေ x ၁၆၀ ပေ) နှင့် (၁၆၀ ပေ x ၈၆ ပေ၊ ၇၀ ပေ) အဆောက်အဦ (၂)လုံး ဆောက်လုပ်မည့်နေရာကို သွားရောက်ကြည့်ရှုသည်။

 

ကြည့်ရှုစဉ် တာဝန်ယူဆောက်လုပ်မည့် ကုမ္ပဏီမှတာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော်ဝန်က အသစ်တည်ဆောက်မည့် ပျံကျဈေးရုံအဆောက်အဦ (၂)လုံးတွင် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ရေးစနစ်များ ထည့်သွင်းဆောင်ရွက်ရန်၊ သွားလာမှု လွယ်ကူစေရေး ပျံကျဈေးရုံ (၂)ရုံကြားတွင် အမိုးပါလျှောက်လမ်းငယ်များ ထည့်သွင်းဆောင်ရွက်ရန်၊ ဈေးရုံအတွင်း/အပြင် ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေမြောင်းများကို သန့်ရှင်းရေးလွယ်ကူစွာ ဆောင်ရွက်နိုင်စေရန် စနစ်တကျဖြင့် ဆောင်ရွက်ရန်နှင့် ဈေးရုံပတ်ဝန်းကျင်တွင် အရိပ်ရပင်နှင့် ပန်းအလှပင်များစိုက်ပျိုးရန်တို့ကို မှာကြားသည်။

 

အဆိုပါ အာဟာရသုခဈေးရှိ ညောင်ပင်ကွင်းပျံကျဈေးနေရာ၌ ယခုဆောက်လုပ်မည့် Steel Structure အဆောက်အဦ (၂)လုံး ဆောက်လုပ်ပြီးစီးသွားပါက  အာဟာရသုခဈေး ပျံကျဈေးတန်းတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ အမိုးအကာလုံခြုံစွာဖြင့် အဆင်ပြေချောမွေ့စွာ ရောင်းဝယ်ဖောက်ကားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်