နေပြည်တော်၊ ဩဂုတ် ၃၁
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယမန်နေ့ မွန်းလွဲပိုင်းက ပျဉ်းမနားမြို့၊ ငလိုက်ချောင်းတံတားသို့ သွားရောက်၍ ယာယီရေလျှံဖြစ်ပေါ်ခဲ့ခြင်းကြောင့် ချောင်းကမ်းပါးတွင် စိုက်ပျိုးထားရှိသည့် နှစ်ရှည်ပင်နှင့် အလှပန်းပင်များ၊ မြေယာရှုခင်းများ ရေနစ်မြုပ်ကာ ထိခိုက်ပျက်စီးခဲ့မှုများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် အဝင်လမ်းအား ရိစာခင်းရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ တံတားအောက်နှင့် ချောင်းပတ်ဝန်းကျင်တွင် သန့်ရှင်းရေးနှင့် မြက်ချုံရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သစ်ပင်ပန်းပင်များကို ပြန်လည်ပြုစုထိန်းသိမ်းရန်နှင့် ရေပြန်လည်ကျဆင်းပြီးဖြစ်၍ ချောင်းတစ်လျှောက် သန့်ရှင်းရေးလုပ်ငန်းများ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်ရန်၊ မြက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေး ဆက်လက်ဆောင်ရွက်ရန်နှင့် ငလိုက်ချောင်းဘေး ဝဲယာတစ်လျှောက်တွင် အမြဲသန့်ရှင်း သာယာလှပနေစေရေး သက်ဆိုင်ရာဌာနများက အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကန်တော်မင်္ဂလာရှမ်းကန်သို့ သွားရောက်၍ ရှမ်းကန်ပတ်လမ်းဝဲယာတွင် ဘဲစားမြက်စိုက်ပျိုးနေမှုနှင့် အဝင်လျှောက် လမ်းပြုပြင်နေမှု၊ အများပြည်သူသုံးသန့်စင်ခန်း ဆောက်လုပ်ပြီးစီးမှု၊ ရှမ်းကန်အတွင်းရှိ ရေတွင် အနည်အနှစ်နှင့် ဓာတုပါဝင်မှုအား လျော့ကျစေပြီး ရေသန့်စင်ပေးသည့် Multimedia Filter ရေသန့်စက် လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


