နေပြည်တော်၊ ဇွန် ၁
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ (၁၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမရှိမင်္ဂလာခန်းမ၌ ကျင်းပရာ နေပြည်တော် ပျဉ်းမနားမြို့ မာရ်အောင်ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တပဏ္ဍဝ အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ ကြွရောက် တော်မူကြပြီး နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် တက်ရောက်ကြည် ညိုသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ အထူးဖိတ်ကြားထားသည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားအရာရှိကြီးများနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပျဉ်းမနားမြို့ မာရ်အောင်ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တပဏ္ဍဝ အရှင်သူမြတ်ထံမှ မြို့တော်ဝန်အမှူးပြုသော ဧည့်ပရိတ် သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈာယ်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် မြို့တော်ဝန် အမှူးပြုသော တာဝန်ရှိသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ နေပြည်တော် ပျဉ်းမနားမြို့၊ မာရ်အောင်ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တပဏ္ဍဝ အရှင်သူမြတ်ထံမှ သာဓုအနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းအနေဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ (၁၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုဆုများချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့တော်ဝန်ဒေါက်တာမောင်မောင်နိုင်က နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကားပြောကြားသည်။
ယင်းနောက် မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက စီမံထူးချွန်တံဆိပ် (ပထမအဆင့်) ရရှိသူ(၅)ဦး၊ စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်) ရရှိသူ(၁)ဦး၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိခဲ့ကြ သော ဝန်ထမ်း(၁၂)ဦး၊ အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သော အရာထမ်း (၁)ဦးနှင့် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိခဲ့သော ဝန်ထမ်း(၁)ဦးကို ထပ်ဆင့်ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြပြီး နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများအတွက် တူညီဝတ်စုံများ ထောက်ပံ့ပေးခြင်းနှင့် ဝန်ထမ်းများ၏ သား/ သမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)