နေပြည်တော် ၁၆ မေ

 

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာအုပ်စု၊ ဒိုးနွယ်ကျေးရွာတွင် မေ ၁၅ ရက် နံနက် ၂ နာရီ ၂၅ မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ သန္တိသုခရွှေမေတ္တာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

 

 

ရှေးဦးစွာ နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေးနှင့် တာဝန်ရှိသူများသည် သန္တိသုခရွှေမေတ္တာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တ ဦးဇဝနထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

 

ထို့နောက် နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် နောင်ရိုးနည်းပညာကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲထွဋ်တင်တို့မှ လှူဒါန်းသည့် ထောက်ပံ့ငွေကျပ် (၁၈)သိန်းကို မီးဘေးသင့် အိမ်ထောင်စု (၁၅)စုထံ နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းနှင့် တာဝန်ရှိသူများက ပေးအပ်ကြသည်။

 

 

ယင်းနောက် နေပြည်တော်ကောင်စီ ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မီးဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားပြီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုကာ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

 

အလားတူ ဒိုးနွယ်ကျေးရွာ မီးဘေးသင့်ပြည်သူများအား နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ Kit Box များ၊ အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၂၃)သိန်းနှင့် ဆန်ရိက္ခာဖိုးငွေ (၁၀၂၉၀၀)ကျပ်တို့ကို  ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

 

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)