နေပြည်တော်၊ ဩဂုတ် ၁၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဉီးသန်းထွန်းဉီးသည် ယမန်နေ့ မွန်းလွဲပိုင်းက နန်းဉီးရေ ပေးရေးနှင့် ရေသန့်စင်စက်ရုံ သို့သွားရောက်၍ ရေသိုလှောင်ကန်များအတွင်း Chlorine Dosing Pump ဖြင့် ကလိုရင်း ဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဝန်ထမ်းရပ်ကွက်နှင့် အများပြည်သူသို့ ရေပေးဝေသည့် ရေနမူနာတွင် ကြွင်းကျန်ကလိုရင်းပါဝင်မှုတိုင်းတာခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပေးဝေ သောရေတွင် ဘေးအန္တရာယ်ဖြစ်စေသော ဇီဝပိုးမွှားများ သန့်စင်နိုင်ရေးအတွက် ကလိုရင်းဆေးခတ်ခြင်းကို WHO သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး အထူးအလေးထား ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ရာဇသင်္ဂဟလမ်းနှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်လမ်းတစ်လျှောက် ရေတင်ရေဝပ် သောနေရာများတွင် နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်း ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ လမ်းလယ်ကျွန်းအတွင်းနှင့် လမ်းဘေးတို့တွင် ရေဆင်းမြောင်းများ ဖောက်လုပ်ထားရှိမှုနှင့် ပန်းနှင်းဆီ အဝိုင်းအနီး သာယာလှပစေရေးအတွက် ပန်းအလှပင်()မျိုး စိုက်ပျိုးခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က သဲကောကြီးကျေးရွာအနီး လမ်းလယ်ကျွန်းတွင် ပန်းအလှပင်များ ထပ်မံဖြည့်တင်းစိုက်ပျိုးထားရှိရန်၊ မိုးရွာသွန်းမှုများပြားခြင်းကြောင့် လမ်းများပေါ်တွင် ရေတင်ရေဝပ်ခြင်းမရှိစေရေး အထူးဂရုပြု ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် လေဆိပ်မုခ်ဦးအနီး လမ်းဘေးဝဲ/ယာတွင် သာယာလှပရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)