နေပြည်တော် စက်တင်ဘာ ၂
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး သည် ယမန်နေ့ က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျင်းသကျန်းမြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့ တော်များ ခရီးသွားလာရေး မဟာမိတ်အဖွဲ့ (International Tourism Alliance of Silk Road Cities) စတင်တည်ထောင်ခြင်းအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။
အခမ်းအနားတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က ယခုဖွဲ့စည်းသည့် မဟာမိတ် အဖွဲ့သည် ကမ္ဘာ့စီးပွားရေးကို အထောက် အကူဖြစ်စေရန် အလားအလာကောင်းများရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အတူတကွပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန်နှင့် မိမိတို့ နိုင်ငံသားများ၏ လူမှုစီးပွားအခြေအနေများကို မြှင့်တင်ရန် ခရီးသွားလုပ်ငန်း၏ စွမ်းအားကို အသုံးချနိုင် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းကဏ္ဍအပြင် အခြားသောပူ ပေါင်း ဆောင်ရွက်မှုများအနေဖြင့် များစွာရှိနေပြီး ဖြစ်ကြောင်း၊ ယခုမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများနှင့် မြို့တော်များအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ခရီးသွားလုပ်ငန်းကဏ္ဍအပြင် အခြားသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ဖိတ်ခေါ်လိုကြောင်း၊ မြန်မာနိုင်ငံတွင် ခရီးသွားများအတွက် ထင်ရှား ကျော်ကြားသော ခရီးစဉ်လမ်း ကြောင်းများဖြစ်သည့် ပုဂံယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသ၊ အင်းလေးကန်၊ နေပြည်တော်ကျောက် မျက်ခန်းမနှင့် ကမ္ဘာ အမြင့်ဆုံး ထိုင်တော်မူ မာရဝိဇယစကျင်ဗုဒ္ဓရုပ်ပွားတော် စသည့် ခရီးစဉ်များကို လာရောက်လည်ပတ်ရန် ဖိတ်ခေါ်လိုကြောင်း၊ အဖွဲ့ဝင်မြို့တော်များအနေဖြင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း ကာကွယ်ခြင်းဖြင့် နောင်လာမည့် မျိုးဆက်သစ်များ၏ ကောင်းကျိုးချမ်းသာကို ဖန်တီးပေးနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလာရေးလုပ်ငန်းဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားလာရေး မဟာမိတ်အဖွဲ့ (International Tourism Alliance of Silk Road Cities) စတင်တည်ထောင်ခြင်း အခမ်းအနားသို့ တရုတ်နိုင်ငံမှ မြို့တော် (၂၂) မြို့နှင့် နေပြည်တော်မြို့တော်အပါအဝင် အာရှ၊ ဥရောပ၊ အာဖရိက၊ အမေရိကဒေသများရှိ နိုင်ငံ ၂၅ နိုင်ငံမှ မြို့တော်(၃၆)မြို့ စုစုပေါင်း အဖွဲ့ဝင်မြို့တော်(၅၈)မြို့ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်