နေပြည်တော် ဇန်နဝါရီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗလ ငါးတန်နှင့်ပြည့်စုံသော ကျောင်းသား/ကျောင်းသူများဖြစ်အောင် ပြုစုပျိုးထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ခရိုင်ပညာရေးမှူးများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ကျောင်းသား/ကျောင်းသူ လူငယ်များအား ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာအတတ်ပညာများ ပြည့်စုံစေရေး လေ့လာ ဆည်းပူးပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး နေထိုင်ရေး၊ စားသောက်ရေး စသည့် အသိပညာပေးကဏ္ဍများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြို့ပေါ်နှင့် ကျေးလက်ဒေသတွင် လေ့လာသင်ယူမှု အခွင့်အလမ်းများ တစ်ပြေးညီရရှိပြီး အသက်မွေး ဝမ်းကျောင်းပညာအခြေခံဖြင့် ရွေးချယ်သင်ယူနိုင်စေရေး၊ အခြေခံပညာကျောင်းများသည် ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ပင်မဌာနများအဖြစ် ပေါ်ထွန်းလာစေရေးတို့ကို အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်အတွင်း ပညာရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗလငါးတန်ပြည့်စုံသော ကျောင်းသား/ကျောင်းသူများဖြစ်အောင် ပြုစုပျိုးထောင်ပေးရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် က တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြရာနေပြည်တော်ကောင်စီ ဥက္ကဋ္ဌ က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်အတွင်းရှိ Myanmar New Power Motorcytle Co.,Ltd မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်စက်ရုံသို့ သွားရောက်၍ စက်ရုံအတွင်း မော်တော်ဆိုင်ကယ်များ တပ်ဆင်ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီ၊ ဆပ်ကော်မတီများ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် Dakhina Meat Export Co.,Ltd အသားခြောက်ထုတ်လုပ်ခြင်းနှင့် အသားအေးခဲခန်းလုပ်ငန်း ဆောင်ရွက်မည့် စက်ရုံ တည်ဆောက်နေမှုအခြေအနေကိုလည်းကောင်း၊ MAYLP Agriculture Co.,Ltd စပါးအခြောက်ခံ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ ရာဇတံခွန်ကုမ္ပဏီလီမိတက် ကမ္ဘာကျော်ဓာတ်မြေဩဇာစက်ရုံအတွင်း ဓာတ်မြေဩဇာထုတ်လုပ်နေမှု အခြေအနေများကို လည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


