နေပြည်တော် ဖေဖော်ဝါရီ ၁၃   

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးရန် လျာထားဧကများ ရေပေးဝေနိုင်ရေးနှင့်  ပန်းတိုင်အထွက်နှုန်းရရှိရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွှဲ ၂ နာရီတွင် နေပြည်တော် ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက် ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စပါးအဝင် သီးနှံအထွက်နှုန်းများ တိုးတက်ရေး အတွက် မိရိုးဖလာစိုက်ပျိုးနည်းမှ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေး မျိုးကောင်း မျိုးသန့်များ၊ သွင်းအားစုများ၊ စိုက်ပျိုးရေများ စနစ်တကျသုံးစွဲပြီး ပန်းတိုင်အထွက်နှုန်းများ တိုးတက် ထွက်ရှိရေး၊ အဆင့်မြင့်လယ်ယာများဖော်ဆောင်နိုင်ရေးအတွက် တောင်သူများအား အသိပညာပေးခြင်း လုပ်ငန်းများ၊ ကုန်ထုတ်ကဏ္ဍ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသတွင်းမှထွက်ရှိသည့် စပါးများဝယ်ယူကြိတ်ခွဲနိုင်စေရေး Contract Farming စနစ်ဖြင့် တောင်သူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နွေစပါးစိုက်ပျိုးရေ ရရှိရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးနိုင်ရေး လျာထားချက်များ၊ နွေစပါးစိုက်ဧကလျာထားချက်များအား ရေပေးဝေနိုင်ရေးနှင့်  ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။          

(သတင်းစဉ်)