နေပြည်တော် ဧပြီ ၂၆

 

နေပြည်တော် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း သည် ယနေ့ နံနက်ပိုင်းက ကော်မတီအတွင်းရေးမှူး ဦးဟိန်းဇော်၊ ကော်မတီဝင်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌ များနှင့်အတူ ဒက္ခိဏသီရိ စက်မှုဇုန်အတွင်း ပုံမှန်လည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကျောက်မျက် လုပ်ကွက်များတွင် စက်မှုဇုန်စည်းကမ်းချက် (၁၉)ချက်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထပ်မံခွင့်ပြု ခဲ့သည့် လုပ်ငန်းများ၏ မြေညှိ/မြေပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် စက်မှုဇုန်အတွင်း ထပ်မံခွင့်ပြုခဲ့သည့်လုပ်ငန်းများမှ မြေညှိ/မြေပြင်ခြင်း အခြေအနေ များနှင့် စပ်လျဉ်း၍လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ခွင့်ပြုထားသည့် လုပ်ငန်းများအနေဖြင့် ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းထားပြီးဖြစ်၍ စက်မှုဇုန်လုပ်ငန်းရှင်များ အနေဖြင့်လည်း ဖွဲ့စည်းပေးထားသည့် ကော်မတီများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)