နေပြည်တော် စက်တင်ဘာ ၁၅
နေပြည်တော်စီမံကိန်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း (တောင်)ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည့် လူသုံးကုန်ထုတ်လုပ် မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဉီးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ယခုသင်တန်းအား ဇလောင်း(တောင်) စံပြကျေးရွာရှိ သင်တန်းသား (၁၀)ဦးဖြင့် ပထမအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသားများထဲမှ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူ သင်တန်းသားများကို အောက်တိုဘာ၆ရက်မှ (၁၂)ရက် အထိ မွမ်းမံသင်တန်း ထပ်မံသင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းဆင်းများအနက် ထူးချွန်ပြီး အမှန်တကယ် လုပ်ငန်းပြန်လည် လုပ်ကိုင်မည့်သူ (၅) ဦးကို တစ်ဦးလျှင် ကျပ်(၁၀)သိန်းနှုန်းနှင့်ညီမျှသည့် လိုအပ်သော ရင်းနှီးစက်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဇလာင်းတောင်စံပြကျေးရွာ၌ နေထိုင်ကြသူများအနေဖြင့် မိမိတို့ စံပြကျေးရွာမှ တစ်ပိုင်တစ်နိုင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွက်လာပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းငယ်များမှသည် အလတ်စား၊ အကြီးစား စက်မှုလက်မှုလုပ်ငန်းများအထိ တက်လှမ်းနိုင်အောင် ကြိုးစားသွားကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးစီမံကိန်းအကောင် အထည်ဖော်ရေးအဖွဲ့ဝင်များကို စီမံကိန်းဝတ်စုံ များပေးအပ်ခဲ့ပြီး ဇလောင်း(တောင်) ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဆရာတော် ဦးဇောတိကထံ ဆွမ်းဆန်စိမ်း၊ ဆီနှင့် ဝတ္ထုငွေများ ကပ်လှူဒါန်းသည်။ ယင်းနောက် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ တောင်သူ ဦးထွန်းဝေ၏ ကွင်းအမှတ်-၁၈၈၅၊ ဦးပိုင်-၁၀၄၊ ဆင်းသုခ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်.။
(သတင်းစဉ်)