နေပြည်တော်၊ စက်တင်ဘာ ၂၃
နေပြည်တော်ကောင်စီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volunteer များကို ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် စေတနာဝန်ထမ်း Volunteer များမှ မိမိ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ စိတ်ဓာတ်၊ စည်းလုံးမှု၊ အားလုံးပူးပေါင်းပါဝင် အားထုတ်မှုများဖြင့် စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့ကြ၍ ကပ်ရောဂါအကြပ်အတည်းကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်ခဲ့ကြပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် နေပြည်တော်၏ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို နေ့ညအချိန်မရွေး စောင့်ကြည့်ကြပ် မတ်ပြီး အချိန်နှင့်တစ်ပြေးညီ၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၏ ပါဝင်ဝိုင်းဝန်းကူညီ ပံ့ပိုးမှုများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရောဂါထိန်းချုပ်နိုင်သည့် အခြေအနေတစ်ခုကို ရောက်ရှိလာပြီ ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် အဓိကနေရာ၌ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteer များကို နေပြည်တော် ကောင်စီအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မပျက် အားလုံး ပူးပေါင်းပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volunteer များအတွက် ထောက်ပံ့ငွေများပေးအပ်ရာ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီရိနွယ်နှင့် တာဝန်ရှိသူ များက လက်ခံရယူကြသည်။
ယင်းနောက် နေပြည်တော် ခုတင်(၃၀၀)ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ ဦးအောင်ပိုင်မင်း တို့က ကျေးဇူးတင်စကား ပြောကြားကြသည်။
ယနေ့ နေပြည်တော်ကာင်စီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volunteer များကို ထောက်ပံ့ငွေ ပေးအပ်ရာတွင် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၇၄၀၀၀၀၀)၊ စေတနာ့ဝန်ထမ်း Volunteerများ အတွက် ထောက်ပံ့ငွေကျပ် (၁၁၂၅၀၀၀၀) စုစုပေါင်းငွေကျပ်(၁၈၆၅၀၀၀၀)ကို ထောက်ပံ့ပေး အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)