နေပြည်တော်၊ ဇွန် ၃၀
နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်လမ်း (ရာဇသင်္ဂဟလမ်းမှ တော်ဝင်ရတနာလမ်းအထိ) မြေနေရာ၌ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဇနီးများ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အသင်းအဖွဲ့များမှ တာဝန်ရှိများနှင့် မြို့မိမြို့ဖများတက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီးတို့က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိန်းအမှတ်အဖြစ် ကုက္ကိုပင်ကို စတင်စိုက်ပျိုးပေးကြပြီး နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဇနီးများ၊ တက်ရောက်လာသူများက အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် သတ်မှတ်နေရာများ၌ ပျိုးပင်များ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် မန်ကျည်းပင်ကျေးရွာအုပ်စု ရေတွင်းဖြူကျေးရွာ ရွှေဟိန်းဆန်စက်အနီး၌ ကျင်းပသည့်  EM ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်ခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက်၍ တောင်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
ထို့နောက် တောင်သူများက လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးပြီး စိုက်ပျိုးရေးဦးစီးဌာနမှ EM ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်ခြင်း လက်တွေ့သရုပ်ပြမှုကိုလည်းကောင်း၊ ရွှေဟိန်းဆန်စက် အတွင်း တစ်ရက်လျှင်တန် ၁၀၀ ကျ ဆန်စက်လည်ပတ်ကြိတ်ခွဲနေမှုကိုလည်းကောင်း ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်း ကျေးရွာအုပ်စု ပေတောကျေးရွာတွင် မိုးစပါး အခြောက်မျိုးစေ့ချကိရိယာ (Dry Seeder) ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရာက်၍ အမှာစကားပြောကြားကာ ခရမ်းစပ်ကုန်းကျေးရွာ အုပ်စုမှ တောင်သူများထံ မျိုးစေ့ချကိရိယာများကို ပေးအပ်ပြီး  မိုးစပါးအခြောက်မျိုးစေ့ချကိရိယာ (Dry Seeder) ဖြင့် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် ကံကြီးမွေးမြူရေးဇုန်ရှိ (ဖန်ဟွ) နိုစားနွားမွေးမြူရေးခြံ၌ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး (ဖန်ဟွ) နိုစားနွား မွေးမြူရေးခြံတွင် နိုးစားနွားများ မွေးမြူထားရှိမှုကို လည့်လည် ကြည့်ရှုအားပေးသည်။
ထို့နောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာရှိ ပန်းသပြေကျေးရွာ စာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်အတွင်း စာအုပ်၊ စာစောင်များ ထားရှိမှုနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ် ပုပ္ပါးကုန်းရပ်ကွက်နှင့် ပြည်စံအောင်ရပ်ကွက်တို့တွင် စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်