နေပြည်တော် နိုဝင်ဘာ ၅
နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ ဒွါဒသမအကြိမ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဩဝါဒစရိယ နိုင်ငံတော် သံဃမဟာနယကအဖွဲ့ဝင် ဆရာတော် အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိစက္ခဏ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည်ညိုကြသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ခန်းမအတွင်း လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဩဝါဒစရိယ နိုင်ငံတော် သံဃမဟာနယကအဖွဲ့ဝင် ဆရာတော် အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏထံမှ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီးတို့က ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ဂေါပကအဖွဲ့ ဩဝါဒစရိယ နိုင်ငံတော် သံဃမဟာနယက အဖွဲ့ဝင်ဆရာတော် အောင်စည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်းကောင်း၊ ကထိန်အလှူခံကျောင်းဖြစ်သည့် ဝင်တဲကူးကျောင်းတိုက် ဆရာတော်ထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်းကောင်း ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဒုတိယမြို့တော်ဝန်နှင့် နေပြည်တော် ကောင်စီ အတွင်းရေးမှူးတို့က ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက နေပြည်တော်တိုင်း သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော် နေပြည်တော် ပျဉ်းမနားမြို့နယ်၊ သရက်ကုန်းကျောင်းတိုက် ပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တမုနိကုမာရထံမှ ကထိန် အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်များအား နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ယနေ့ကျင်းပသည့် နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ ဒွါဒသမအကြိမ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ပဒေသာပင် ၄၂ ခု စုစုပေါင်း တန်ဖိုးငွေ ကျပ် ၂၁၀၅၅၃၆၀ ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)