နေပြည်တော် ၁၆ ဇွန်
နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ဘဝနောင်ရေး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် သုခဝတီအိမ်ရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မဲနှိုက်နေရာချထားပေးသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း တက်ရောက်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးသည်။
အခမ်းအနားတွင် အိမ်ခန်းနေရာချထားရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မန္တလေးမြို့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့၏ အစီအစဉ်ဖြင့် အခန်းပေါင်း (၂၄၀)အား လက်ရှိတာဝန်ထမ်းဆောင်နေ့သည့် နိုင်ငံ့ဝန်ထမ်းများသို့ အငှားချထားပေးပြီးဖြစ်ပါကြောင်း၊ အလားတူ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း အခန်းပေါင်း (၁၃၆)ခန်းကို လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား အငှားချထားပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ နေပြည်တော်တွင် ပထမဆုံးအကြိမ် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၃၀၀) အတွက် အိမ်ခန်းနေရာချထားပေးသည့် အခမ်းအနားဖြစ်ပါကြောင်း။
ယခုအချိန်အခါသည် Covid-19 ကာလဖြစ်သည့်အတွက် အငြိမ်းစားဝန်ထမ်း (၃၀၀) အား ကိုယ်တိုင်လာရောက်မဲနှိုက်ရန် အခြေအနေမပေးသည့်အတွက် အငြိမ်းစားဝန်ထမ်းများ ကိုယ်စား သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဝါစဉ်အလိုက် တာဝန်ရှိသူများအား မဲနှိုက်နေရာချထားပေးမှာဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အိမ်ခန်းနေရာချထားပေးရာတွင် ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အိမ်ခန်းနေရာချထားရေးကော်မတီ အတွင်းရေးမှူး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ဒက္ခိဏသီရိမြို့နယ် သုခဝတီအိမ်ရာ တည်နေရာနှင့် အိမ်ခန်းဖွဲ့စည်းပုံအခြေအနေနှင့် အငှားအိမ်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ပက်သက်၍ Power Point ဖြင့် ရှင်းလင်းပြောကြားပြီး ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက အိမ်ခန်းမဲနှိုက်မည့် အစီစဉ်အားဖတ်ကြားသည်။
နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် အခန်းရရှိသူများကိုယ်စား သက်ဆိုင်ရာဝန်ကြီးဌာမှ တာဝန်ရှိသူတို့က မဲနှိုက်နေရာချထားမှုကို သက်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ပေးကြောင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် သုခဝတီအိမ်ရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၃၀၀) အား ပထမအကြိမ် မဲနှိုက်နေရာချထားပေးခြင်းဖြစ်ပြီး ဆက်လက်၍ ဝင်ငွေနည်း အမှုထမ်းများအတွက် အငှားအိမ်ရာများအပြင် ဝင်ငွေနည်းပြည်သူများကိုပါ နေရာချထားပေးနိုင်ရန် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်


