နေပြည်တော် ၁၅ ဧပြီ

 

နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံ နိုင်ငံတော်အစိုးရကထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန် စားသောက်ကုန်ငါးမျိုးကို ဧပြီ ၁၀ ရက်မှ စတင်ထောက်ပံ့လျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ထောက်ပံ့ ပေးအပ်လျက်ရှိသည်။

 

တပ်ကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်မင်းက “ကျွန်တော်တို့မြို့နယ်မှာ ဒီနေ့ အခြေခံစားကုန်ငါးမျိုး ထောက်ပံ့တာ ပြီးပါပြီ။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေကနေတစ်ဆင့် အိမ်အရောက်ဖြန့်ဝေပေးခဲ့တာပါ။ တပ်ကုန်းမြို့နယ်မှာ ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၉ စုက အိမ်ထောင်စု ၂၉၉၁၈ စုကို တာဝန်ရှိသူတွေ၊ ပရဟိတအဖွဲ့တွေနဲ့အတူ ဝိုင်းဝန်းစုပေါင်း ဖြန့်ဝေခဲ့တဲ့အတွက် အလေအလွင့်မရှိအောင်နဲ့ စနစ်တကျ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်” ဟုပြောသည်။

 

နေပြည်တော်ကောင်စီနယ်မြေ၌ ထောက်ပံ့ရန်လျာထားသည့် အခြေခံလူတန်းစား အိမ်ထောင်စုမှာ စုစုပေါင်း ၁၄၀၈၄၈ စုရှိပြီး ဇမ္ဗူသီရိမြို့နယ်၌ အိမ်ထောင်စု ၅၅၁၉ စု၊ ပုဗ္ဗသီရိမြို့နယ်၌ အိမ်ထောင်စု ၁၂၄၅၇ စု၊ ဒက္ခိဏသီရိမြို့နယ်၌ အိမ်ထောင်စု ၆၁၈၇ စု၊ ဥတ္တရသီရိမြို့နယ်၌ အိမ်ထောင်စု ၉၁၈၆ စု၊ ဇေယျာသီရိမြို့နယ်၌ အိမ်ထောင်စု ၁၁၆၅၅ စု၊ ပျဉ်းမနားမြို့နယ်၌ အိမ်ထောင်စု ၂၇၄၂၈ စု၊ လယ်ဝေးမြို့နယ်၌ အိမ်ထောင်စု ၃၈၄၉၈ စုနှင့် တပ်ကုန်းမြို့နယ်၌ အိမ်ထောင်စု ၂၉၉၁၈ စုရှိပြီး ထောက်ပံ့ရန်ကျန်ရှိသည့် အိမ်ထောင်စုများကို ယနေ့တွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများတစ်ဆင့် ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိသည်။

 

အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ရာတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက စနစ်တကျရှိစေရေးအတွက် စာရင်းရေးသွင်း ထုတ်ပေးကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း ဖြန့်ဝေပေးလျက်ရှိသည်။

 

ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူးဦးနိုင်ဦးက “ဥတ္တရသီရိမြို့နယ်မှာ ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈ အုပ်စုက အိမ်ထောင်စု ကိုးထောင်ကျော်ကို စားကုန်ငါးမျိုးမှာ ဆန်၊ ကြက်သွန်၊ ဆားနဲ့ ပဲ ပစ္စည်းလေးမျိုး ထောက်ပံ့တာ အကုန်ပြီးနေပါပြီ။ ဆီ တစ်မျိုးတည်း အိမ်ထောင်စု နှစ်ထောင်ကျော် ထောက်ပံ့ပေးဖို့ကျန်သေးတယ်။ ဆီ ကိုလည်း သွားထုတ်ယူနေပြီး မနက်ဖြန်ကျရင် ဆက်လက် ထောက်ပံ့ပေးသွားမှာပါ” ဟုပြောသည်။

 

နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် အခြေခံလူတန်းစား မိသားစုများကို သတ်မှတ်စားသောက်ကုန်များ ထောက်ပံ့ပေးလျက်ရှိရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့မှ ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် တာဝန်ရှိသူများက သတ်မှတ်ကာကွယ်ရေး ပစ္စည်းများ အသုံးပြုပြီး အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ စားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေပေးရာတွင် ပြည်သူများကို တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးမှုများကိုလည်း မျှဝေပေးလျက်ရှိသည်။

 

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများကို နိုင်ငံတော်က စားသောက်ကုန်ငါးမျိုးကို ထောက်ပံ့ပေးလျက်ရှိသည့်အပြင် ပရဟိတအဖွဲ့များ၊ စေတနာရှင်ပြည်သူများနှင့် လုပ်ငန်းရှင်များကလည်း အခြေခံလူတန်းစားပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများကို လိုက်လံလှူဒါန်းလျက်ရှိကြောင်းလည်း သိရသည်။

 

သတင်း-ဟန်လင်းနိုင်၊ ဓာတ်ပုံ-ထန်းဖုန်