နေပြည်တော် အောက်တိုဘာ ၁၄

စံပြကျေးရွာစီမံကိန်း လုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများက ပိုင်ရှင်စိတ်(Ownership)ဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကြရမည်ဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများ၏ မိသားစုဝင်ငွေ တိုးပွားရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ သင်ကြားပို့ချပေးနေပြီး သင်တန်းအောင်မြင်ပြီးသူများအတွက် လိုအပ်သည့် အရင်းအနှီး၊ နည်းပညာ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနေကြောင်း ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပြောကြားခဲ့သည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော အိမ်ခြေ ၂၃၀၊ အိမ်ထောင်စု ၂၈၂ စု၊ လူဦးရေ ၁၀၈၀ ရှိ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာ ကျေးရွာဘက်စုံသုံးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ သမဝါယမဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက မိမိတို့သက်ဆိုင်ရာ ဦးစီးဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက် ပြီးစီးခဲ့သော အမြင့်ရေစင်ဆောက်လုပ်ခြင်းလုပ်ငန်း၊ ရေသန့်စင်ခြင်းလုပ်ငန်း၊ အိမ်သွယ် ရေတိုင်စနစ်ဖြင့် ရေဖြန့်ဝေမှုလုပ်ငန်း၊ Digital စနစ်ဖြင့် ရေမီတာကောက်ခံခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော အရှည်ပေ ၂၉၀၀ ရှိ ကျွန်းဦးကျေးရွာ ကုန်ထုတ်လမ်း ရိစာခင်းခြင်းလုပ်ငန်းနှင့် ပျဉ်းမနားမြို့နယ်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ကျေးရွာ ခြောက်ရွာ၊ အိမ်ခြေ ၁၅၈၆ အိမ်၊ လူဦးရေ ၇၃၅၅ ဦးအတွက် အကျိုးပြုမည့် အရှည်ပေ ၃၃၀၀ ရှိ ကျွန်းဦး-ဆင်သေ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို လည်းကောင်း၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုအရှေ့ကျေးရွာရှိ ဆင်အုံမွေးမြူထုတ်လုပ်ရေးနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ခြောက်ဧကရှိ ငါးမွေးမြူရေးကန်၌  လုပ်ငန်းဆောင်ရွက် နေမှုများကို လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် အိမ်ခြေ ၁၈၁ အိမ်၊ အိမ်ထောင်စု ၁၈၁ စု၊ လူဦးရေ ၆၀၄ ဦးကို အကျိုးပြုသည့် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ မြောက်ကျောင်းစုကျေးရွာ၏ အရှည်ပေ ၄၃၅၀ ရှိ မြေသား+ရိစာခင်းခြင်း လုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်