နေပြည်တော် မတ် ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ရွှေမြို့မွေးမြူရေးဇုန်နှင့် မွေးမြူရေးဇုန်၏ ရေလိုအပ်ချက်ဖြည့်ဆည်း ပေးနိုင်ရေးအတွက် တည်ဆောက်ထားရှိသည့် အလျားပေ(၃၃၀)၊ အမြင့်(၃၆)ပေရှိ ရေလှောင်တမံ၏ ကြံ့ခိုင်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေစုပ်ပန့်ဖြင့် ရေယူသုံးစွဲနေမှုနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကာကီကင်း ဥစားဘဲဥဖောက်စက်၌ ဘဲသားဖောက်နေမှုများတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကင်းသာရေထိန်းတမံ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအချိန်မီ ပြီးစီးရေးနှင့် ရေထိန်းတမံ၏ကြံ့ခိုင်မှု အရည်အသွေးပြည့်မီရေး ဂရုပြုဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ကင်းသာရေထိန်းတမံ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အရရေစတင်သိုလှောင်ထားရှိပြီး ဧက နွေစပါး (၇၀) စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့ထိ နွေစပါး (၄၄)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး မိုးသီးနှံရာသီတွင် မိုးစပါးလ (၅၂၀) လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ကင်းသာကျေးရွာအနီးရှိ ကင်းသာချောင်း ယာယီရေလွှဲတန်း ရေသွင်းမြောင်းမှ ဆိုလာရေတင်စနစ်ဖြင့် သီးနှံများ စံပြစိုက်ပျိုးပြီး အခြားတောင်သူများ လိုက်ပါစိုက်ပျိုးနိုင်ရေး အသိပညာပေး လုပ်ဆောင်နေမှုကိုလည်းကောင်း၊ မုန်ရေထိန်းတမံမှ ၂၀၂၄-၂၀၂၅ ခုနှစ် နွေသီးနှံရာသီတွင် နွေစပါး၊ နွေအခြားသီးနှံ လျာထားစိုက်ပျိုးမည့် အခြေအနေများနှင့် မြောင်းအလိုက် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေ ပေးဝေရန် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ကန်ကြီးမွေးမြူရေးဇုန်ရှိ ဖန်ဟွ နို့စားနွား မွေးမြူရေးခြံ သို့ရောက်ရှိပြီး နို့စားနွား မွေးမြူထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မွေးမြူရေးတိရစ္ဆာန် အစာဖူလုံမှုရှိစေရေးနှင့် မွေးမြူရေးထွက်ကုန်များ တိုးတက်ထုတ် လုပ်နိုင်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု ရေအေးနည်းပညာပြန့်ပွားရေး စင်တာတွင် စိုက်ပျိုးရေးပညာရှင်များ ဒေသခံတောင်သူများ အားတွေ့ဆုံ၍ စိုက်ပျိုးနည်းပညာပေးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ဆင်သေရေလှောင်တမံ ဆည်ရေသောက်စနစ်အတွင်း နွေစပါးနှင့် နွေအခြား သီးနှံများ စိုက်ပျိုးရေဖူလုံစွာ ပေးဝေနိုင်ရေး၊ သဘာဝမြေဩဇာ သုံးစွဲနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်