နေပြည်တော် ဧပြီ ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာ၊ ပျဉ်းမနား မြို့နယ်၊ ကျွန်းဦးကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာများသို့ သွားရောက်၍ စံပြကျေးရွာ (Smart Village) များအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာသို့ရောက်ရှိ၍ ဦးစီးဌာန များမှ ဝန်ထမ်းများ၊ ကျေးရွာသူ/ ကျေးရွာသားများ၊ စံပြကျေးရွာ လေ့လာသူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီး ဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့ကို အလေးထားဆောင်ရွက်နေသည်နှင့်အညီ ယခု နေပြည်တော် ကောင်စီနယ်မြေအတွင်း ကျေးရွာ(၃)အား ရှေ့ပြေးစီမံကိန်း (Pilot Project) အဖြစ် စတင်အကောင် အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင် ကျေးရွာ(၃)ရွာစီ ရွေချယ်၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင်လည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျေးရွာသူ ကျေးရွာသားများကလည်း မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ပါဝင်၍ အလေးထားဆောင်ရွက်ပေးစေလိုပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များ ရှိပါကလည်း တင်ပြပေးစေ လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဂွေးပင်(စံပြ)ကျေးရွာ၏ စနစ်တကျလယ်ယာမြေ ဖော်ထုတ်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင် ဆက်လက်ဖော်ထုတ်မည့် စနစ်တကျ လယ်ယာမြေအတွက် ကုန်ထုတ်လမ်းဖောက်လုပ်မည့် အခြေအနေကိုလည်းကောင်း၊ တစ်နိုင်တစ်ပိုင် ခေါင်းလျှော်ရည်၊ ဆပ်ပြာရည် ထုတ်လုပ်မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦး (စံပြ) ကျေးရွာသို့ရောက်ရှိပြီး စံပြကျေးရွာအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်နေသာလုပ်ငန်းများအနက် ကျေးရွာရေရရှိရေးအတွက် ရေသန့်စင်စက်ရုံနှင့် အိမ်တိုင်ရာရောက် ရေပေးဝေမှုစနစ်၊ ရေမီတာကောက်ခံမှုစနစ်တို့ကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းဆောင်ရွက် နေမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦး၏ ရေပေါ် ပဲလှော်စက်ရုံမှ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်း (စံပြ)ကျေးရွာသို့ ရောက်ရှိ၍ စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသာ လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ မိသားစုတစ်နိုင်တစ်ပိုင် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် ထုတ်လုပ်မှုလုပ်ငန်းကိုလည်းကောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ဝက်မွေးမြူရေးခြံနှင့် ကြက်မွေးမြူရေးခြံတို့ကို ကြည့်ရှုလေ့လာကာ လုပ်ငန်းလိုအပ်ချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၂၀၂၁-၂၀၂၂ ခုနှစ် (၆) လဘဏ္ဍာနှစ်အတွင်း အဆိုပါ ကျေးရွာ (၃) ခု၏ စီမံကိန်းလုပ်ငန်းများကို ရာခိုင်နှုန်း ပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း ကျန်ရှိနေသည့် စီမံကိန်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)