နေပြည်တော်၊ ဩဂုတ် ၄

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ဧရိယာအတွင်း ဆည်ကန်များ ရေသိုလှောင်ထားနိုင်မှု အခြေအနေနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သီးနှံစိုက်ခင်းများကို ထိခိုက်စေနိုင်သည့် ရေအိုင်ခြင်း၊ ရေဝပ်ခြင်း၊ ရေနစ်မြုပ်ခြင်းများ မဖြစ်ပေါ်စေရန် ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်ခြင်း၊ ရိုးချောင်းများ ရေစီးရေလာကောင်းမွန်ရေး အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ပေါင်းလောင်းတမံကို ကြည့်ရှုစစ်ဆေးပြီး ဟိုက်ဒရောလစ် ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တွင် တပ်ဆင်ပြီးစီးသည့် ရေတံခါးရွက်များ စမ်းသပ်လည်ပတ်နိုင်ရေး၊ ပိုမိုသိုလှောင်ရရှိလာမည့် ဆည်ရေများနှင့် လျှပ်စစ်ဓါတ်အားများ အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် သက်ဆိုင်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်၊ မိုးတွင်းကာလ ရေလှောင်တမံ ဘေးကင်းလုံခြုံမှုဆိုင်ရာ အစီအမံများနှင့် ပတ်သက်သည့် အရေးပေါ်ကြိုတင်ပြင်ဆင်မှု (Emergency Preparedness Plan-EPP) အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျွန်းရောင်း - အိုင်စောက် - ပေါင်းဖော် ရေနုတ်မြောင်းများ၏ရေစီး၊ ရေလာကောင်းမွန်ရေး ရှင်းလင်းတူးဖော် လုပ်ငန်းဆောင်ရွက်နေမှု၊ ပျဉ်းမနားမြို့နယ် မြို့ရှောင်လမ်းအောက်ဖက်ကပ်လျက်ရှိ မကျီးရိုး၊ ကနခိုရိုးနှင့် လယ်ဝေးမြို့နယ် ချောင်းဇောက်ရိုးများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစီးဆင်းရာ လမ်းကြောင်းတလျောက်တွင် ရေစီးရေလာ ကောင်းမွန်မှုရှိစေရေးနှင့် သီးနှံစိုက်ကွင်းများအတွင်း ရေအိုင်ခြင်း၊ ရေဝပ်ခြင်း၊ ရေနစ်မြုပ်မှုများ လျော့နည်းစေရန် စီမံဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့ပြင် လယ်ဝေးမြို့နယ်ရှိ ဧလာကန်ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက မိုးရာသီကာလအတွင်း အလေအလွင့်မရှိ ရေသိုလှောင်နိုင်ရေးနှင့် နွေသီးနှံစိုက်ပျိုးရာသီတွင် ရေပိုမိုပေးဝေနိုင်ရေး၊ ရေပိုလွှဲမှ ရေစီးဆင်းရာ လမ်းကြောင်းတလျောက် ရေစီးရေလာ ကောင်းမွန်ရေး စစ်ဆေးကြပ်မတ်ရန်၊ ရေလှောင်ကန် ရေရှည်တည်တံ့ရေး၊ ဘေးကင်းလုံခြုံမှု ဆိုင်ရာအစီအမံများနှင့် ပတ်သက်သည့် အရေးပေါ် ကြိုတင်ပြင်ဆင်မှုများကို အလေးထား စီစဉ်ထားရှိရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

 

ဒေသတွင်း မိုးရွာသွန်းမှုလျော့နည်းခဲ့သဖြင့် (၈) နှစ်တာကာလအတွင်း ကန်ရေပြည့်မှတ် ရောက်သည်အထိ ဝင်ရေစုဆောင်းနိုင်ခဲ့ခြင်းမရှိသည့် ဧလာကန်တွင် ယခုနှစ် မိုးဦးကာလ မိုးကောင်းခဲ့သဖြင့် ကန်ရေပြည့် သိုလှောင်ထားပြီးဖြစ်ကြောင်း၊ ကန်ပေါင်အလျား ပေ(၂၄၀၀)၊ ကန်ပေါင်အမြင့် (၈) ပေရှိ အဆိုပါကန်မှ စိုက်ပျိုးမြေ ဧရိယာ (၂၆၂) ဧက ကို အကျိုးပြုလျက် ရှိကြောင်း သိရသည်။

 

သတင်းစဉ်