နေပြည်တော်၊ ဒီဇင်ဘာ ၈

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ လျှပ်စစ်မီးအခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ကံသာယာ ဓမ္မရိပ်သာကျောင်းတိုက်ကို 8 KVA မီးစက်လှူဒါန်းခြင်းနှင့် ရေဘေးသင့်ဘုန်း တော်ကြီးကျောင်းများသို့ ဂွမ်းကပ်မွေ့ယာ ၃၀၀၊ စောင် ၃၀၀ နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံ နက် ၁၀ နာရီတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်ကျေးရွာ၊ ကံသာယာဓမ္မရိပ်သာ ကျောင်းတိုက်၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဉီးစွာ ပုဗ္ဗသီရိမြို့နယ်၊ ကံသာယာ ဓမ္မရိပ်သာကျောင်းတိုက်နှင့် ကလေးမြို့နယ်၊ ကံသာယာထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတိုက်တို့၏ ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇဝန မထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဘဒ္ဒန္တဇဝန မထေရ်မြတ်နှင့် ဆရာတော်ကြီးများထံ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အလှူရှင် ဦးကျော်စိုးဝင်း (ခ) ဦးခန့်စည်သူနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဂွမ်းကပ်မွေ့ယာနှင့် စောင်များကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် အလှူရှင် ဦးကျော်စိုးဝင်း (ခ) ဦးခန့်စည်သူက 8KVA မီးစက်နှင့် ရေဘေးသင့် ဘုန်းတော်ကြီးကျောင်းများအတွက် ဂွမ်းကပ်မွေ့ယာများ၊ စောင်များ၊ လှူဖွယ်ပစ္စည်းများနှင့် နယ်စပ်တောင်တန်းဒေသများရှိ သာသနာပြုဌာနများအတွက် သာသနာပြုလုပ်ငန်းများဆောင်ရွက် နိုင်ရန် အလှူငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ဘဒ္ဒန္တဇဝန မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဂွမ်းကပ်မွေ့ယာ ၃၀၀ နှင့် စောင်အထူ ၃၀၀ ကို ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ရေဘေးသင့်ကျောင်း ၁၇၉ ကျောင်း တို့အတွက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်