နေပြည်တော် စက်တင်ဘာ ၁၁
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အချို့မြို့နယ်များနှင့် ကျေးရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေ မြင့်တက်လာပြီး ရေနစ်မြုပ်မှုများ ဖြစ်ပွားလျက်ရှိသည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ရာဂီမုန်တိုင်း အရှိန်ကြောင့် နေပြည်တော်ဒေသနှင့် အရှေ့ဘက်ကုန်းမြင့်ဒေသများတွင် မိုးရွာသွန်းမှု များပြားလျက်ရှိပြီး ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက်လျက်ရှိသည့်အတွက် မြစ်ချောင်းတစ်လျှောက်ရှိ အနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများတွင် နေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို သတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်နှိုးဆော်ထားသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း စက်တင်ဘာ ၁၀ ရက်ညပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်း မြစ်များတွင် ရေမြင့်တက်လျက်ရှိပြီး ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ် ကင်းသာ လမ်းဆုံနေရာနှင့် ပျဉ်းမနားမြို့နယ်အတွင်းရှိအနိမ့်ပိုင်း ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါ ရေဘေးသင့် ရပ်ကွက်၊ ကျေးရွာများသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦး စီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ ကူညီကယ်ဆယ် ရေးအဖွဲ့များက အချိန်မီသွားရောက်၍ ရေဘေးသင့်အိမ်ထောင်စုများအား ဘေးသင့်ရာ နေရာများသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။
ထို့ပြင် ရေဘေးသင့်အိမ်ထောင်စုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ သည့်အပြင် စေတနာရှင် ပြည်သူများကလည်း ထမင်းထုပ်၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ပါဝင်ကူညီလှူဒါန်းပေးလျက်ရှိသည်။
အဆိုပါ ရေကြီး ရေလျှံမှုများကြောင့် နေပြည်တော်မှ တပ်ကုန်းမြို့နယ်သို့ ဆက် သွယ်ထားသည့် ရန်ကုန်- မန္တလေး ကားလမ်းဟောင်းပေါ်ရှိ အချို့နေရာများတွင်လည်း ရေကျော်လျက်ရှိပြီး ယာဉ်သွားလာမှုများ ယာယီရပ်ဆိုင်းထားရကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဩဂုတ်လနှောင်းပိုင်းကလည်း မိုးသည်းထန်စွာ ရွာသွန်း၍ ငလိုက်ချောင်းရေမြင့်တက်ခြင်းနှင့် တောင်ကျရေကျဆင်းခြင်းများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။


