နေပြည်တော်၊ နိုဝင်ဘာ ၁၂
တစ်ဧကချင်း၏ အထွက်နှုန်း မြင့်မားရန်နှင့် ဈေးကွက်အကြိုက် အရည်အသွေးမီ ဆန်စပါး ထုတ်လုပ်မှုတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖူလုံစွာအသုံးပြုစိုက်ပျိုးနိုင်စေရန် အစိုးရဌာန၊ ပုဂ္ဂလိကများနှင့် မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသလိုက် မျိုးစေ့ထုတ် လုပ်ငန်းများအပေါ် အပြန်အလှန် ကွင်းဆင်းလေ့လာခြင်းများ၊ အသိပညာနည်းပညာ ဖလှယ်ခြင်း များလည်း ထွန်းကားလျက်ရှိရာ နိုဝင်ဘာလ(၁၁)ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်နှင့် မော်ကျွန်းမြို့နယ်များမှ ဆန်စက်လုပ်ငန်းရှင်များနှင့် တောင်သူများသည် ပျဉ်းမနားမြို့နယ်ရှိ ပုဂ္ဂလိကမျိုးစေ့ထုတ် စိုက်ကွင်းများအား လာရောက် လေ့လာခဲ့ကြကြောင်း သိရသည်။
လယ်ယာ ကဏ္ဍဆိုင်ရာ တက္ကသိုလ်များ၊ သုတေသနဌာနများနှင့် ပညာရှင်အရင်းအမြစ်များစွာ တည်ရှိနေသည့် နေပြည်တော်ကောင်စီနယ်မြေအား စိုက်ပျိုးရေးမွေးမြူရေးကို အခြေခံသည့် ဖွံ့ဖြိုးတိုးတက်သော စံပြမြို့တော်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ ရေမြေရာသီဥတု အခြေခံကောင်းများရှိနေသဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက မျိုးစေ့ထုတ်လုပ်ငန်း အပါအဝင် လယ်ယာကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နေခြင်းကြောင့် ဒေသ အသီးသီးမှ လုပ်ငန်းရှင်များ၊ တောင်သူများက စိတ်ဝင်စားစွာ လာရောက်လေ့လာ နေကြခြင်း လည်းဖြစ်သည်။
ယခု လာရောက်လေ့လာကြသည့် ဆန်စက်လုပ်ငန်းရှင်နှင့် တောင်သူ(၄၀)ဦး တို့သည် ဂရိတ်ဝေါလ် တူမောရိုး မျိုးစေ့ထုတ်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်၏ အထွက်ကောင်မျိုးစပါး GW-11 မျိုးစေ့ ထုတ်လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုလေ့လာကြရာ မျိုးစေ့ထုတ် ပညာရှင် များနှင့်တာဝန်ရှိသူများက မျိုးကောင်းမျိုးသန့်မျိုးစေ့လက္ခဏာများ၊ မျိုးစေ့ထုတ် စိုက်ခင်းထူထောင် ခြင်းနှင့် စီးပွားဖြစ်မျိုးသန့်မျိုးပွား ထုတ်လုပ်ခြင်းဆိုင်ရာ အတွေ့အကြုံများ၊ ပြည်တွင်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတစ်ခုလုံး အတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့ လွှမ်းခြုံရန်လိုအပ်ချက်နှင့် မျိုးစေ့ဈေးကွက်အလားအလာများကို ရှင်းလင်းပြောကြားပြီး လေ့လာရေးအဖွဲ့ဝင်များ၏ သိရှိ လိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)