နေပြည်တော်       ဇွန်       ၁၇

 

နေပြည်တော်ကောင်စီရုံး ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၇ ရက် နံနက်ပိုင်းက နေပြည်တော် ကောင်စီရုံးဝင်း အတွင်းရှိ သတ်မှတ်နေရာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အမှာစကားပြောကြားရာတွင် “သစ်တော သစ်ပင်များ စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းဟာ ဂေဟစနစ် ၊ ပြန်လည်ကောင်းမွန် ရှင်သန်ရေးနှင့် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းဖြစ်ကြောင်း၊ တစ်ဦးချင်းစီက ကိုယ်တိုင် အသိစိတ်ဓာတ်နဲ့ သစ်တောသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်း စောင့်ရှောက်ကြရမှာဖြစ်ပြီး စိုက်ပျိုးပြီး သစ်ပင်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းကြဖို့လိုကြောင်း၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု ဖြစ်စဉ်များ လျှော့ချရေးနှင့် ပြန်လည်မျှတလာစေရေး၊ နိုင်ငံပိုင်သစ်တောများ ရေရှည်တည်တံ့စေရေး၊ သစ်တော သယံဇာတများ နောင်သားစဉ်မြေးဆက်အထိ ထုတ်ယူသုံးစွဲနိုင်ရေးတို့အတွက် သစ်တောသစ်ပင်များ စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး လုပ်ငန်းတွေကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်နှင့်အတူ ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ပိတောက်ပင်ကို စိုက်ပျိုးပေးသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်က မဟော်ဂနီပင်ကိုလည်းကောင်း၊  ဦးဇေယျာလင်းက ပျဉ်းကတိုးပင်ကိုလည်းကောင်း၊ ဦးမြင့်စိုးက တမလန်းပင်ကိုလည်းကောင်း၊ ရဲမှူးကြီးကိုကိုလွင်က ရင်းမာပင်ကို လည်းကောင်း၊ ဦးကျော်သိန်းဆိုင်က ကျွန်းပင်ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်က ဆီသပြေပင်ကိုလည်းကောင်း သတ်မှတ်နေရာများတွင် အသီးသီး စိုက်ပျိုးပေးကြသည်။

 

ယင်းနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှု အခြေအနေများကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ယနေ့ကျင်းပသည့် နေပြည်တော်ကောင်စီရုံး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ရင်းမာ၊ မဟော်ဂနီ၊ စစ်၊ မန်ဂျန်ရှား၊ ဆီသပြေပင် စသည့် ပျိုးပင်မျိုးစုံ အပင် ၂၀၀ ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)