နေပြည်တော် ၃၁ အောက်တိုဘာ

 

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ပေးအပ်ပွဲနှင့် ကျေးလက်နေပြည်သူများအား တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာရှိ သာသနာဝေပုလ္လဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိူးအောင်နှင့် နေပြည်တော်ကောင်စီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။

 

1

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဌက ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စု၊ အမှတ်(၈)လေကြောင်းရန်ကာကွယ်ရေးအလုပ်ရုံတပ်ရင်းမှ ပြန်လည်စွန့်လွှတ်မြေ (၁၈၆)ဧက အနက်မှ လယ်မြေ (၂၀ ဒသမ ၂၁)ဧက၊ ယာမြေ (၅၄ ဒသမ ၈၃)ဧက စုစုပေါင်း လယ်ယာမြေ (၇၅ ဒသမ ဝ၄)ဧကတို့အား  မူလလုပ်ကိုင်ခဲ့သော တောင်သူ(၂၇)ဦးထံသို့ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ပုံစံ(၃)များထုတ်ပေးခဲ့ပြီး ထုတ်ပေးထားရှိသည့် ပုံစံ(၃)များအား လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံစံ(၇)ရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ယခုလိုမူလပိုင်ရှင်များထံသို့ ပုံစံ(၇)များ ထုတ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဌ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် နှင့် တာဝန်ရှိသူများက တောင်သူ(၂၇)ဦးထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်များ ထုတ်ပေးခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျေးလက်နေပြည်သူများမှ ဒေသဖွံဖြိုးရေးလုပ်ငန်းများ တင်ပြခြင်းနှင့် တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တံတားအထူးအဖွဲ့(၆)မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် သရက်တောကျေးရွာအုပ်စုရှိ မသိမ်ချောင်းကူးတံတားနှင့် မသိမ်-ပိုးစားတောကျေးရွာချင်းဆက် တံတား တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

                              

အောင်ကို(ပြန်/ဆက်)