နေပြည်တော် ဖေဖော်ဝါရီ ၁၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် မီးသတ်စခန်း၌ မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်နှင့် အခြားမတော်တဆမှုများဖြစ်ပွား ပါက ပြည်သူလူထုအား အလျင်အမြန်တုံ့ပြန် ကူညီဆောင်ရွက်ပေးနိုင်ရန် အသင့်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ မီးငြှိမ်းသတ် ယာဉ်များနှင့် ရေသယ်ယာဉ်များ အသင့်ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေးစသည့် သဘာဝ ဘေးအန္တရာယ်များနှင့် ရုတ်တရက်ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ရပါက အချိန်နှင့် တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် နည်းပညာများ၊ လူအင်အား၊ စက်ယန္တရားများ၊ ပစ္စည်းကိရိယာများပြင်ဆင်ထားရှိရေး၊ မြို့နယ်အလိုက်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ရေးနှင့် မိမိတို့စွမ်းအားစုများကို အမြဲအသင့်ဖြစ်စေရေး စီမံ ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ်ကွက် ရန်နိုင်ရပ် နယ်မြေ ၁၆ ရှိ မီးလောင်ပြင်တွင် ပါဝင်ခဲ့သည့် အိမ်ထောင်စုများအတွက် မြေနေရာချထားမည့် အခြေအနေကို ခရိုင်မြေနေရာချထားရေးကော်မတီ ဥက္ကဋ္ဌ ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးက ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ် နေပြည်တော်မြို့မစျေး၌ နေပြည်တော်မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင် ၈၅ ဦးက အထောက်အကူပြု မီးသတ်ရေယာဉ် ၁၅ စီးဖြင့် မီးလောင်မှု Level-2 ငြှိမ်းသတ်သရုပ်ပြလေ့ကျင့်မှုနှင့် ဈေးသူဈေးသားများအား လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသနေမှုကို ကြည့်ရှုအားပေးပြီး သရုပ်ပြပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သူများကို နေပြည်တော် ကောင်စီဝင်က ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်စည်ပင်ဧည့်ရိပ်သာအတွင်း လွှတ်တော် ကိုယ်စားလှယ်များအတွက် နေရာချထားမည့် အဆောင်များပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေး ပြီးလိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ခွင့်ပြုရန်ပုံငွေဖြင့် ပျဉ်းမနားမြို့နယ် အာဟာရသုခဈေးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် လူအင်အား၊ စက်ယန္တရား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိအောင် တည်ဆောက်ရန်မှာကြားကာ ပျဉ်းမနားမြို့ ရွှေချီ(၉)လမ်းရှိ ရာဘာဆည် အမှတ်(၅) ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)