နေပြည်တော် အောက်တိုဘာ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အဆိုပါကျောင်းရှိ  ဥတ္တရအလင်းတန်း ကျောင်းစာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာ ဖတ်ရှုနေမှုကို ကြည့်ရှုအားပေးသည်။

 

 ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပြီး အလှူရှင်များနှင့် စာရေးဆရာမ သက်သက် နွယ်(ရန်ကုန်တက္ကသိုလ်)တို့ကို  ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ဥတ္တရသီရိမြို့နယ် အတွင်းရှိ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။

အခမ်းအနားအပြီးတွင် စာအုပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်အရောင်းဆိုင်များ၊  ကျောင်းသား ကျောင်းသူများ၏ စာပေဆွေးနွေးပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြော ပြိုင်ပွဲ၊ ကဗျာရွတ် ဆိုပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် ကျောင်းသား ကျောင်းသူများ၏ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပျော်ရွှင်စွာ ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြကာ ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် နေပြည်တော်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အမှတ်()တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀) ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်းမှုကို သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရ ဖြည့်စွက် စာများနှင့် အမှတ်()တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)အတွက် အလှူငွေကျပ် ၁၀ သိန်း ပေးအပ်လှူဒါန်းသည်။

 

ယင်းနောက် ဥတ္တရသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရွှေနံ့သာ၌ စဉ်ဆက်ပညာရေးလုပ်ငန်းစဉ် ဖြစ်သည့် စာသင်ဝိုင်းအား သွားရောက်ကြည့်ရှုပြီး စာသင်ဝိုင်း၌ စာတတ်မြောက်ရေး သင်ကြား၊ သင်ယူလျက်ရှိသည့် စေတနာရှင် လုပ်အားပေးနည်းပြ၊ ကြီးကြပ်များနှင့် စာသင်သားများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားကာ စာသင်ဝိုင်းများအတွက် စာရေးကိရိယာများ၊ အာဟာရဖြည့်အစားအစားများနှင့် ထောက်ပံ့ငွေ များကိုလည်းကောင်း၊ အဆိုပါကျောင်းရှိ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို လည်းကောင်း ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)