နေပြည်တော်၊ မေ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် နွေစပါးတစ်ဧက တင်း ( ၁၂၀ ) အထက် ထွက်ရှိရေး ဧက (၅၀) စံပြကွက်တွင် နွေစပါးစံကွက် ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စု စံပြစိုက်ကွင်း ရှင်းလင်းဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမှသာ တိုင်းဒေသကြီး ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်သည့်အတွက် ကျေးလက်နေတောင်သူများ လူမှုဘဝမြင့်မားရေး၊ စီးပွားရေး ကောင်းမွန်ရေးတို့ကို ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း နွေစပါးရာသီတွင် မျိုးစေ့ထုတ်လုပ်ငန်းများအား တောင်သူ လယ်သမားများမှ သက်ဆိုင်ရာကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း၊ တစ်ဧက အကျိုးအမြတ် ပိုမိုရရှိနေကြောင်း၊ သီးနှံမျိုးစုံ မျိုးစေ့ထုတ် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာအောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်ဦးစီးမှူး ဦးဝင်းထိန်က နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ လည်းကောင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးတင်ထွန်းအောင်က နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးမှုနှင့် စံပြကွက်ရိတ်သိမ်းမှု အခြေအနေများကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ် ဦးစီးမှူး ဦးဘဌေး က မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးမှုနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် တဲကြီးကုန်း ကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၅၉) အတွင်းရှိ တောင်သူ ဦးအောင်ငွေ၏ နွေစပါးစံကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးရာ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်ဦးစီးမှူးက နွေစပါး စံကွက်ရိတ်သိမ်းနေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌက တောင်သူများကို မျိုးကောင်းမျိုးသန့် စပါးများရရှိရေး၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် အသိပညာပေးရေး လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ယနေ့ တဲကြီးကုန်းကျေးရွာ တောင်သူဦးအောင်ငွေ ကွင်းအမှတ် (၁၆၅၉) တွင် စိုက်ပျိုးထားသည့် ထိုင်းနှံကောက်စပါးမျိုးကို ရိတ်သိမ်းရာတွင် တစ်ဧက (၁၂၅) တင်းကျော် ထွက်ရှိပြီး အထွက်နှုန်းကောင်းမွန်လျက် ရှိကြောင်းနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် နွေစပါးစိုက်ပျိုးမှုဧက အနေဖြင့် စီမံကိန်းလျာထား ဧက (၁၈၈၀၃) ဧကဖြစ်ပြီး (၂၇၉၇၈) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်