နေပြည်တော်၊ နိုဝင်ဘာ ၁၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဒက္ခိဏသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတို့တွင် ဒေသခံပြည်သူများ လျှပ်စစ်မီတာခများပေးသွင်းနေမှုနှင့် နေပြည်တော်အဝင်စစ်ဆေးရေးဂိတ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဒက္ခိဏသီရိမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး များသို့ရောက်ရှိပြီး ဒေသခံပြည်သူများ လျှပ်စစ်မီတာခများပေးသွင်းနေမှုကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားကာ နှာခေါင်းစည်း Maskများ ဖြန့်ဝေပေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်အဝင် စီလမ်းဆုံစုပေါင်းစစ်ဆေးရေးဂိတ်နှင့် ပန်းတင် စုပေါင်းစစ်ဆေးရေးဂိတ်တို့တွင် နေပြည်တော်အတွင်း ဝင်ရောက်လာသည့် ပြည်သူများကို ကျန်းမာရေး စစ်ဆေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးကြကာ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ပန်းတင်ကျေးရွာ အမှတ်(၁၀) အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများကို ကြည့်ရှုအားပေးပြီး နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


