နေပြည်တော်၊ ဧပြီ ၂၈

 

နိုင်ငံသားများ ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်ကို မသန်စွမ်းသူအားလုံး တန်းတူညီမျှ အပြည့်အ၀ရရှိစေရန်၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာ စသည့် နယ်ပယ်အသီးသီးတွင် အခြားသူများနှင့် တန်းတူ လူမှုအဖွဲ့အစည်းနှင့် ပေါင်းစည်းပါဝင်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်မည့် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းအတွက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်ကောင်စီအနေဖြင့် ဝန်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများအပေါ် တိုက်ရိုက်ထိတွေ့ ဆောင်ရွက်နိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် “မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ” အား ၂၀၁၅ ခုနှစ်တွင် လည်းကောင်း၊ “မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ” ကို ၂၀၁၇ ခုနှစ်တွင် ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကနဦး မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းမှ အတွေ့အကြုံများရယူကာ လုပ်ငန်းစဉ်များအား နေပြည်တော်၊ မြို့နယ်(၈)မြို့နယ်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာအထိ ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း၊ မသန်စွမ်းသူများအတွက် ထိရောက်သည့် အစီအမံများ ချမှတ်ပြီး မသန်စွမ်းသူ တစ်ဦးချင်းစီအလိုက် ဘဝရပ်တည်ရေးမှ လူ့အသိုက်အဝန်းကို အကျိုးပြုနိုင်မည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

 

မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် မသန်စွမ်းသူများ လူမှုဝန်ဆောင်မှုတိုကို လက်လှမ်းမီရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ အသေအချာရရှိရေးနှင့် လူ့အဖွဲ့အစည်းအတွင်းပါဝင် ဆောင်ရွက်ခွင့်ရရှိရေး စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်