နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်အတွင်း နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးမည့် စီမံချက်နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်၊ ဧပြီ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးမည့် စီမံချက်နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၁) နာရီ တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တောင်သူများအနေဖြင့် ရာသီဥတု ပြောင်းလဲမှုနှင့်ကိုက်ညီသော သီးနှံများတိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရန်၊ ဒေသဆီဖူလုံမှုကို တိုးတက်ခိုင်မာစေပြီး ပိုလျှံသော ထုတ်ကုန်များ တင်ပို့ရောင်းချခြင်းဖြင့် ဝင်ငွေများ တိုးတက်လာစေရန်၊ နေကြာသီးထပ်၊ သီးညှပ်တိုးတက်စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက် စွမ်းအားတိုးတက်စေပြီး မြေဆီလွှာထိန်းသိမ်းမှုကို အထောက်အကူပြုရန်၊ ဒေသတွင်း သီးနှံစုံစိုက်ပျိုးခြင်းဖြင့် ပိုးမွှားရောဂါ ကျရောက်မှုနည်းပါးစေပြီး ဓာတုပိုးသတ်ဆေးများ သုံးစွဲမှုလျှော့ချကာ အန္တရာယ်ကင်းသော စားသောက်ကုန်များ တိုးတက်ထုတ်လုပ် လာနိုင်စေရန် အစရှိသည့်  ရည်ရွယ်ချက်များဖြင့် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်ပါကြောင်း၊ ယခင်နှစ်က နေကြာကို (၁၉၄၁) ဧက စိုက်ပျိုးခဲ့ပြီး (၂၅) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် နေကြာသီးနှံကို (၉၆၂၉) ဧက တိုးချဲ့စိုက်ပျိုးသွားမည်ကို သိရှိရပါကြောင်း၊  နေပြည်တော်တွင် နေကြာစိုက်ပျိုးမှုကို အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးမည့်ကိစ္စ၊ နေကြာသီးနှံ စိုက်ပျိုးမှုအခြေအနေ၊ ဆီထွက်သီးနှံများအပါအဝင် စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ ပျားဖြင့်ဝတ်မှုန်ကူး ဆောင်ရွက်ခြင်း၊ ရေပေးဝေရေးလုပ်ငန်း၊ ထွန်ယက်ခြင်း လုပ်ငန်းများကို ဆွေးနွေး တင်ပြကြရာ နေပြည်တော် ကောင်စီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်