နေပြည်တော်၊ မေ ၉

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တက္ကသိုလ်/ဒီဂရီ ကောလိပ်များ မေ ၁၂ ရက်တွင် ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များ၏ လိုအပ်ချက်များ ပေါင်းစပ်ဆောင်ရွက်ပေးရေးနှင့် ထောက်ပံ့ငွေချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် နေပြည်တော်ကောင်စီအနေဖြင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို တင်ပြပေးစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် ဆရာ/ဆရာမများ အောင်မြင်စွာ သင်ကြားပို့ချနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပေါင်းစပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ တက္ကသိုလ်များ ဖွင့်လှစ်ချိန်တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများရှိပါက ထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များက တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တက္ကသိုလ်/ ဒီဂရီကောလိပ်များအား တစ်ကျောင်းလျှင် ငွေကျပ် ငါးသိန်းနှုန်းကို သက်ဆိုင်ရာ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များထံ ထောင်ပံ့ပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)