နေပြည်တော်   ဇူလိုင်  ၁၂

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီးနှင့် လယ်ဝေးမြို့နယ် အားကစားကွင်းအတွင်း ယာယီ Quarantine Centre ဆောင်ရွက်မည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီး အတွင်းရှိ Quarantine Centre သို့ရောက်ရှိရာ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက အိပ်ဆောင်များ၊ ရေချိုးခန်းများ နှင့်သန့်စင်ခန်းများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ဗိမာန်တော်ကြီးအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ အိပ်ဆောင်များအတွင်း စနစ်တကျ ခုတင်များကိုထားရှိရေး၊ နှာခေါင်းစည်း Mask များ၊ လက်အိတ်များ၊ PPE ဝတ်စုံများနှင့် လက်သန့်ဆေးရည်များ လုံလောက်မှုရှိစေရေးနှင့် လိုအပ်သည်များကို မှာကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် အားကစားကွင်းအတွင်း Quarantine Centre ဆောင်ရွက်မည့်နေရာ၌ လုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ နေပြည်တော် ပြည်သူ့ဆေးရုံ ခုတင် (၃၀၀) အတွင်း Oxygen Plant တည်ဆောက်နေသည့် နေရာသို့ ရောက်ရှိပြီး နေပြည်တော်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်းက Oxygen Plant တည်ဆောက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က အချိန်မီပြီးစီးရေးနှင့် Oxygen ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်

mdn