နေပြည်တော် ၁၃ ဩဂုတ်
ဗဟိုအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတို့ ပူးပေါင်း၍ နေပြည်တော် MSME Agency Action Plan ဖော်ထုတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမ္မာန်တွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် Action Planများ အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဘဏ်များမှ ကိုယ်စားလှယ်များဖြင့် Productivity, Technology, Innovation and Access to Market ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် ဆပ်ကော်မတီ၊ Access to Finance ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် ဆပ်ကော်မတီနှင့် Legislation, Regulation and Tax ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် ဆပ်ကော်မတီစသည့် ကော်မတီများအား ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်းနှင် ပြည်ထောင်စုနယ် အတွင်းရှိ ထုတ်လုပ်မှု လုပ်ငန်းများအနေနဲ့ Mass Production နည်းနေသေးပြီး စိုက်ပျိုးရေး လုပ်ငန်းများသာ အများအပြားရှိပါကြောင်း၊ ဈေးကွက်ရရှိနိုင်မှု အလားအလာကောင်းများရှိသည့် စီးပွားရေးလုပ်ငန်းများဖော်ထုတ်ပေးနိုင်ခြင်း၊ နည်းပညာရရှိမှု ပံ့ပိုးကူညီပေးနိုင်ခြင်းနှင့် ငွေကြေး ထောက်ပံ့မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် SME ကဏ္ဍကို တိုးတက်စေမည့် အထိရောက်ဆုံး နည်းလမ်းများအား ရှာဖွေနိုင်ရေးအတွက် နေပြည်တော် MSME Agency အဖွဲ့ဝင်များအားလုံးပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ MSME Agencyဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဗဟိုအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတို့ပူးပေါင်းကာ MSME Agency Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် နေပြည်တော် အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည်လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တက်တက်ရေး စီမံကိန်းများရေးဆွဲနိုင်ရန် ဩဂုတ် ၁၃ ရက်မှ ၁၄ ရက်နေ့အထိ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


