နေပြည်တော် ၂၅ ဇန်နဝါရီ
နေပြည်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၁၉)ကို ယနေ့နံနက် ၉ နာရီအချိန်တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁)တွင် ကျင်းပရာ နေပြည်တော် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်မှ စိစစ်ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအတွင်းရေးမှူး ဦးကျော်ဝင်းမှ သိမ်းဆည်းလယ်ယာမြေများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြချက်များအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(ရွှေကုက္ကို)