တပ်ကုန်း ၁၉ ဇွန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ဇွန် ၁၉ရက်မွန်းလွဲ ၂နာရီခွဲက နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန်နှင့်အတူ တပ်ကုန်းမြို့နယ် ရွှေမြို့မွေးမြူရေးဇုန်(၂) ရှင်းလင်ရေးဆောင်သို့ ရောက်ရှိပြီး နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ဝင်း၊ နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာစံထွန်းဝေ၊ ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မွေးမြူရေးဇုန်ကော်မတီဝင်များ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများအားတွေ့ဆုံ၍ မွေးမြူရေးခြံအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်တာဝန်ရှိသူများက စူပါကောင်း နို့စားနွားမွေးမြူရေးခြံ၊ ယူနီစန် ဒေသနွားမွေးမြူရေးခြံနှင့် အောင်ချမ်းသာ နို့စားနွားမွေးမြူရေးခြံနှင့် နို့ပေါင်းစက်(နို့ပြုပြင်ထုတ်လုပ်ရေးစက်ရုံ)သို့ သွားရောက်ခဲ့ပြီး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ စားကျက်မြေဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုခဲ့သည်။ အဆိုပါမွေးမြူရေးဇုန်သည် တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးတွင် ၂၀ဝ၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး (၂၇၁.၃၃)ဧက ကျယ်ဝန်းကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)