နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင် သည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိအမှိုက်ကွင်း(၁)၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဈေးများနှင့် ရပ်ကွက်များတွင် သန့်ရှင်း၊ သာယာ၊ လှပရေးဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

နံနက်ပိုင်းတွင် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် - တပ်ကုန်း အမှတ်(၂)ကားလမ်းဘေး၊ ဖိုးဇောင်းတောင်သစ်တောကြိုးဝိုင်းအတွင်းရှိ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ပုဗ္ဗသီရိ အမှိုက်ကွင်း(၁)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပုဗ္ဗသီရိအမှိုက်ကွင်း(၁)တွင် မြို့နယ်(၆)မြို့နယ်၊ ဈေး(၂၁)ဈေးနှင့် ဝန်ကြီးဌာနများမှ နေ့စဉ်ထွက်ရှိသည့် အမှိုက်တန်ချိန်(၂၁၀)ခန့် စွန့်ပစ်လျက်ရှိသည့်အခြေအနေ၊ စွန့်ပစ်အမှိုက်များကို အလွှာလိုက်နေ့စဉ် မြေသားဖုံးအုပ်စနစ်ဖြင့် စက်ယန္တရားများအသုံးပြုကာ ဆောင်ရွက်နေမှု၊ နေပြည်တော်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများမှ ထွက်ရှိသော ဘေးအန္တရာယ်ရှိ စွန့်ပစ်အမှိုက်များကို INCINER I-8 M-250 Medical Incinerator မီးရှို့စက်ဖြင့် နေ့စဉ်မီးရှို့ဆောင်ရွက်နေမှုနှင့် နောက်ဆုံးမြေသားဖုံးအုပ်ခြင်းပြုလုပ်ပြီးသော မြေဧရိယာ (၂)ဧကပေါ်တွင် အမှိုက်ကျင်းမှထွက်ရှိသော ဓါတ်ငွေ့များအား ပိုက်လိုင်းထည့်သွင်း၍ Landfill Gas စွန့်ထုတ်ပြီး အပင်များပြန်လည်စိုက်ပျိုးခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် မြို့တော်ဝန်က အမှိုက်ကျင်းမှထွက်ရှိသည့် ရေဆိုးများကြောင့် လူနှင့်သဘာဝ ပတ်ဝန်းကျင် ဘေးအန္တရာယ်မရှိစေရေး စနစ်တကျစီမံဆောင်ရွက်ရန်၊ အမှိုက်မီးရှို့စက်ကို ရေရှည်တည်တံ့စေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊ ပလတ်စတစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး (Solution to Plastic Pollution) ဆောင်ပုဒ်နှင့်အညီ ကြံဆဆောင်ရွက်ထားရှိ ရန်နှင့် စွန့်ပစ်အမှိုက်များမှ Recycle ပြုလုပ်နိုင်သည့်ပစ္စည်းများကို ခွဲခြား၍ ဝင်ငွေပြန်လည် ရရှိစေရေး ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အင်ကြင်းဈေး၊ စကားဝါဈေး၊ ဂန္ဓမာဈေး၊ သရဖီဈေးနှင့် ချယ်ရီဈေးများသို့ သွားရောက်စစ်ဆေးကာ ဈေးပတ်ဝန်းကျင် သန့်ရှင်း၊ သာယာ၊ လှပရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း လှည့်လည်ကြည့်ရှုကာ မြို့တော်အင်္ဂါရပ်နှင့်ညီစေရေး သန့်ရှင်း၊ သာယာ၊ လှပရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်