နေပြည်တော်၊ ဇူလိုင် ၁၇

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်း Box Culvert နှင့် လမ်းများ တိုးချဲ့ဖောက်လုပ်နေမှုနှင့် သာယာလှပရေးလုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

နံနက်ပိုင်းတွင် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်ရှိ ကုမုဒြာ ကြာပန်း အဝိုင်းအနီး Free Way လမ်း တိုးချဲ့ဖောက်လုပ်နေမှုကိုလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့သွားသော အဓိကလမ်းမကြီးဖြစ်သည့် စံပယ်လမ်း လမ်းကွေ့ နေရာတွင် Free Way လမ်းတိုးချဲ့ ဖောက်လုပ်နေမှု၊ Box Culvert လုပ်ငန်းဆောင်ရွက်နေမှု၊ စံပယ် လမ်းဘေးမြက်ခင်းနှင့် ပန်းအလှပင်များ စိုက်ပျိုးရန်အတွက် မြေသားပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း၊ မြတ်မင်္ဂလာ လမ်း (၆)လမ်းသွားတိုးချဲ့ဖောက်လုပ်မည့်နေရာနှင့် သံတမန်ဇုံ အတွင်းရှိ သစ်ခွလမ်းနှင့် မြတ်မင်္ဂလာလမ်း ချိတ်ဆက်ဖောက်လုပ်ခြင်းနှင့် မြေသားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကိုလည်းကောင်း၊ နေပြည်တော် မြို့ပတ်လမ်း လမ်းလယ်ကျွန်းအတွင်း မြက်ခင်း၊ အရိပ်ရပင်နှင့် ထန်းပင်များ ပြင်ဆင်စိုက်ပျိုးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လမ်းလယ်ကျွန်းအတွင်း နှစ်ရှည်ပင်များစိုက်ပျိုးရာတွင် လမ်းမီးတိုင်များနှင့် လွတ်ကင်းမှုရှိစေရန် အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များ မောင်းနှင်ရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီ မောင်နှင်စေရေး၊ အရက်သေစာသောက်စားပြီး မမောင်းစေရေး၊ သတ်မှတ်မိုင်နှုန်း ကျော်လွန်မမောင်းစေရေးတို့ကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်နှင့် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် မှာကြားသည်။

 

အစည်းအဝေးတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက် လာသည့် ဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို တင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဆိုပါရုံး၌ ကျင်းပသည့်  နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်ရေး အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးအတွက် (မျိုး၊ မြေ၊ ရေ၊ နည်း) လစ်ဟာမှုမရှိအောင် ဆောင်ရွက် စေလိုကြောင်း၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် စိုက်ဧက တိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများအပြင် မွေးမြူရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်  အလေးထား အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း၊ စားရေရိက္ခာ ဖူလုံရေးနှင့် ဝမ်းစာပြည့်မီ ရေးအတွက် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)