နေပြည်တော် အောက်တိုဘာ ၅
နေပြည်တော် လယ်ဝေးမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သည့် စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ် ပိတောက်ချောင်ကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာ ကွင်း အမှတ် (၁၇၃၂) စိုက်ခင်း၌ ကျင်းပသည်။
အဆိုပါ သရုပ်ပြပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်ကြည့် ရှုအားပေးပြီး စပါးခင်းများ ပြန်လည်ကုစားရန်အတွက် နိုင်ငံတော်မှ တောင်သူများအတွက် လိုအပ်သည့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းဖြင့် စပါးအထွက်နှုန်းများ မလျော့ကျစေရေး ဆောင်ရွက်ပေးနေမှု၊ ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများ အမြန်စိုက်ပျိုးလုပ်ကိုင်နိုင်ရေး မြေပြုပြင်ပေးခြင်း၊ မျိုးစေ့များ ထောက်ပံ့ပေးခြင်းနှင့် သွင်းအားစုများ လက်ဝယ်အရောက် ရရှိရေး ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ထိခိုက်ခဲ့သည့် စပါးခင်းများအတွက် သွင်းအားစု ဓာတ်မြေဩဇာများနှင့် ဂျစ်ပဆမ် ကျောက်မှုန့်မြေဩဇာများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာ အောင်ဇမ္ဗူကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများအား အထူးကု ဆရာဝန်ကြီးများ ကွင်းဆင်း ဆေးကုသပေးနေမှု အခြေအနေကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် အောင်ဇမ္ဗူကျောင်းတိုက် ဆရာတော်နှင့် နနွင်းအိုင်ကျောင်းတိုက် ဆရာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ အားပေးစကား ပြောကြား၍ စားသောက်ကုန်ပစ္စည်းများနှင့် ထမင်းဘူးများ ထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


