နေပြည်တော် စက်တင်ဘာ ၁၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် သဒ္ဓမ္မနဒီ (ဧရာဝတီ) သီလရှင်စာသင်တိုက်သို့ သွားရောက်၍ စားသောက်ဖွယ်ရာများ လှူဒါန်းပြီး ကျောင်းတိုက်ရေဝင်ရောက်နေမှု အခြေအနေကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် ဧရိယာများရှိ သီးနှံများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး သီးနှံများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး၊ အနည်းငယ် ထိခိုက်ပျက်စီးသည့် လယ်ယာမြေများ ပန်းတိုင်အထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြေဩဇာနှင့်သွင်းအားစုများ ထောက်ပံ့ပေးရေး၊ လယ်ယာမြေများ ပြန်လည်စိုက်ပျိုး ဆောင်ရွက်မည့် အစီအမံများရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်ရေး၊ ဆည်မြောင်းများ၊ ရေသွင်းရေထုတ် လက်တံမြောင်းများ အမြန်ဆုံးပြုပြင်ရေး၊ လယ်ယာမြေနှင့် အခြားကဏ္ဍများ ပျက်စီးဆုံးရှုံးမှု စာရင်းများကို မှန်ကန်မှုရှိအောင် ပြုစုတင်ပြရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၌ ကျင်းပသည့် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ထုတ်လုပ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ရောင်းဝယ်မှုလုပ်ငန်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းစသည့် MSME လုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းမှတ်ပုံတင် ဆောင်ရွက်လျက်ရှိမှု၊ လုပ်ငန်းမှတ်ပုံတင် ဆောင်ရွက်မှု မရှိသေးသည့် Informal MSME လုပ်ငန်းများအား တရားဝင်မှတ်ပုံတင်နိုင်ရေး နေပြည်တော် MSME Agency အဖွဲ့ဝင်များနှင့် အသင်းအဖွဲ့များမှ စည်းရုံးဆောင်ရွက်ရန်နှင့် အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်မှုအတွက် ထုတ်လုပ်ရန် လျှောက်ထားလာသည့် လုပ်ငန်းများ လုပ်ငန်းစတင် လည်ပတ်သည်မှစ၍ ဒေသတွင်း လုံလောက်အောင် ထုတ်လုပ်နိုင်သည့်အပြင် Export တင်ပို့နိုင်သည်အထိ ဝိုင်းဝန်းအားပေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာ၊ ဇီးဖြူတန်းကျေးရွာ၊ ရေကာကျေးရွာ၊ ညောင်ပင်သာကျေးရွာတို့သို့ သွားရောက်၍ ရေနစ်မြုပ်ခဲ့သည့် လယ်မြေများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ရေသွင်းရေထုတ်မြောင်းများ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Breaking News


