နေပြည်တော် မေ ၂၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရာက်ကြသည်။
အခမ်းအနားကို ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်နှံရေး သီတင်းပတ်” သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပညာသင်ကြားခြင်းသည် ကလေးများ၏ ဘဝရှေ့ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် ပညာရေးမြှင့်တင်မှုကို အလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း (KG+9) အခြေခံပညာအလယ်တန်းအဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ (KG+9) အဆင့်ပြီးဆုံးသည့်အခါ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားမည့် ကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်သလို သတ်မှတ်အရည်အချင်းပြည့်မီပါက အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူနိုင်မှာ ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့လာခွင့် ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၂)ကျောင်းကို ပျဉ်းမနားမြို့နယ်၊ အ.ထ.က(၁)နှင့် ပုဗ္ဗသီရိမြို့နယ်၊ အ.ထ.က(၂၀)တို့တွင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ လယ်ဝေးမြို့နယ်၊ အ.ထ.က(ပျံချီ)နှင့် တပ်ကုန်းမြို့နယ်၊ အ.ထ.က (MRTV) တို့တွင် တိုးချဲ့ဖွင့်လှစ် သင်ကြားပေးမှာဖြစ်ကြောင်း၊ ကျောင်းအပ်သည့် ကလေးများအတွက် ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်ဆောင်ပုဒ်ကို မိဘအုပ်ထိန်းသူများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်၊ ကျောင်းသား၊ ကျောင်းသူများကို စာပေပညာတတ်မြောက်စေရေးအပြင် ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံသားကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြား ပြုစုပျိုးထောင်ကြရန်အတွက် အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က တာဝန်ရှိသူများထံ အခမဲ့ပုံနှိပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့်ကျောင်းဝတ်စုံများ ပေးအပ်ကြသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းအလိုက် ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးပြီး အဆိုပါကျောင်းရှိ ကျောင်းစာကြည့်တိုက်အား ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)