နေပြည်တော် ဇန်နဝါရီ ၁၄

 

မြန်မာ့ဘော်လီဘောအားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ လူငယ်များ စိတ်ဓာတ်ကြံ့ခိုင်လာစေရန်နှင့် မျိုးဆက်သစ်ဘော်လီဘောအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားရုံ၌ ကြီးမှူးကျင်းပသည့် "၂၀၂၄ ခုနှစ်၊ မြန်မာဘော်လီဘောလူမှုရေး အသင်းအမှုဆောင်ဖလား U-18 နှင့် U-25 ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲ" ဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

 

ဦးစွာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မိမိတို့အသင်းအနိုင်ရရှိစေရန် အနိုင်မခံအရှုံးမပေးဘဲ အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားကြရမည် ဖြစ်ကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ တရား မျှတစွာဖြင့် ဆုံးဖြတ်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားကောင်းများဖြစ်လာစေရန် ကြိုးစားယှဉ်ပြိုင် သွားကြရန်ပြောကြားပြီး ၂၀၂၄ ခုနှစ်၊ မြန်မာဘော်လီဘော လူမှုရေးအသင်းအမှုဆောင်ဖလား U-18နှင့် U-25 ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ချက်ကို ရွတ်ဆိုကြသည်။ ယင်းနောက် နေပြည်တော် အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အသက်(၂၅)နှစ် အောက် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဂုဏ်မင်းအင်းအသင်းနှင့် ပျဉ်းမနားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာဘော်လီဘော လူမှုရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

 

၂၀၂၄ ခုနှစ်၊ မြန်မာဘော်လီဘော လူမှုရေးအသင်းအမှုဆောင်ဖလား U-18 နှင့် U-25 ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ"ကို ဇန်နဝါရီ(၁၄)ရက်မှ (၂၀)ရက်အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အသက်(၁၈)နှစ်အောက် ပြိုင်ပွဲဝင် အသင်း(၇)သင်းနှင့် အသက်(၂၅)နှစ်အောက် ပြိုင်ပွဲဝင်အသင်း(၁၂)သင်း၊ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း(၁၉)သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)