နေပြည်တော် နိုဝင်ဘာ ၂၇
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော် အားကစားအဖွဲ့အားအောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာများ၊ အားကစား နည်းကြီးကြပ်သူနှင့် တာဝန်ခံများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရာက်ကြသည်။
ဉီးစွာ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ က ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင် ရာတွင် အားကစားနည်းအလိုက် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ရေကုန်ရေခမ်း အားထုတ်ကြိုးပမ်း ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိပြီး နေပြည်တော်ဂုဏ်ကို မြှင့်တင်ပေးနိုင် ရုံမျှမက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်အောင်ရန် စွမ်းစွမ်းတမံကြိုးစား သွားကြစေလိုကြောင်း၊ အားကစားနည်းအလိုက် အောင်မြင်မှုများရရှိပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ အမျိုးသားအားကစားပွဲတော်တွင် ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက အောင်နိုင်ရေးအလံနှင့် ပြိုင်ပွဲဝင်ကုန်ကျစရိတ် ထောက်ပံ့ငွေကျပ် ၄၃၅၄၆၃၀၀၀ တို့ကို နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော် တို့ထံ ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်အားကစားအဖွဲ့များမှ အားကစားသမားများ၊ တက်ရောက် လာကြသူများ၊ အားကစားနည်းကြီးကြပ်သူနှင့် တာဝန်ခံများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများနှင့်အတူ ဂုဏ်ပြညစာကို အတူတကွသုံးဆောင်ကြသည်။
၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်အနေဖြင့် အားကစား နည်း ၂၃ မျိုးကို အားကစားသမားစုစုပေါင်း ၃၄၇ ဦး၊ အဖွဲ့ခေါင်းဆောင် ၄ ဦး၊ အုပ်ချုပ်သူ/နည်းပြ ၉၆ ဦး၊ ဒိုင် သုံးဦး၊ စုစုပေါင်း ၄၅၀ တို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


