နေပြည်တော် မေ ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ ညနေပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရေဆင်း အခြေခံပညာအထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ် (၃)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းသင်ကြားလေ့ကျင့်နေမှု အခြေအနေများ၊ ကျောင်းအိပ်၊ ကျောင်းစား ထားရှိမှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ နေထိုင်သင်ကြားလေ့ကျင့် နိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးကို ဂရုပြုဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် စခန်းသွင်းဝင်ရောက်ရေး၊ ဆရာ၊ ဆရာမများနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက စနစ်တကျကြီးကြပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားပြီး စခန်းသွင်းသင်ကြား လေ့ကျင့်နေသည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် စားသောက်စရိတ်များ ပေးအပ်သည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် ရာဇဌာနီလမ်း၊ တော်ဝင်ရတနာလမ်း၊ ရာဇသင်္ဂဟလမ်း၊ ပျဉ်းမနား-တောင်ညိုလမ်းနှင့် ရတနာအောင်မြေလမ်းများတွင် စက်ယန္တရားကြီးများဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းများရေရှည်တည်တံခိုင်မြဲရေး၊ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ တာဝန်ရှိသူများက အချိန်ပြည့် အနီးကပ်ကြီးကြပ် ဆောင်ရွက်ရေး၊ မြေသား သိပ်သည်းမှုရှိအောင် အလေးထားဆောင်ရွက်ရန်နှင့် အသုံးပြုမည့် ကျောက်အမျိုးအစားများအား သတ်မှတ်ချက်နှင့်အညီ ထည့်သွင်းအသုံးပြုနိုင်ရေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)