နေပြည်တော် ဇန်နဝါရီ ၁၇
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်း အခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များဖြစ်သည့် ဆရာတော်ကြီးများနှင့် ကာယကံရှင်၏ မိသားစုဝင်များရှိရာသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဂုဏ်ထူးဆောင်ဘွဲ့များ သွားရောက်ပေးအပ်သည်။
ဉီးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌသည် သရေစည်သူဘွဲ့ရရှိသည့် နေပြည်တော်၊ ပျဉ်းမနား မြို့နယ်၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိမထေရ်မြတ်အားသွားရောက်ဖူးမြော်ကြည်ညိုပြီး သရေစည်သူဘွဲ့တံဆိပ်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှု အစုစုတိုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စည်သူဘွဲ့ရရှိသည့် ပြည်ထောင် စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်တောရ (မြို့တော်ဝန်) ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တခေမာနန္ဒမထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး စည်သူဘွဲ့တံဆိပ်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြား ရေးဝန်ကြီးဌာန သံအမတ်ကြီး(ငြိမ်း) ဦးညွန့်မောင်ရှိန်(ကိုယ်စား) အမွေခံတူဖြစ်သူ ဦးတင်ဝင်းအောင်မိုး ထံသို့ ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ရောက်ချီးမြှင့်အပ်နှင်းသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေး၊ လမ်းဘေးဝဲ/ယာစိမ်းလန်းစိုပြည်ရေးနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်း သာယာလှပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အနေဖြင့် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းစေရေး အစီအမံများကို လုံလောက်ပြည့်စုံအောင် အချိန်မီဆောင် ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းအစီအမံ(၅)ရပ် ဖြစ်သည့် မော်တော်ယာဉ် အသုံးပြုရာတွင် မော်တော်ယာဉ် မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်အသုံးပြုရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းသူများ၊ နောက်မှ လိုက်ပါစီးနင်းသူများအနေဖြင့် အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်အသုံးပြုရန်၊ မေးသိုင်းကြိုးမြဲမြံစွာ တပ်ဆင်အသုံးပြုရန်၊ အရက်သေစာ မူးယစ်သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမပြုရန်၊ မော်တော်ယာဉ်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း အသုံးမပြုရန်နှင့် မော်တော်ယာဉ် မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် မြန်နှုန်းထက်ပို၍ မောင်းနှင်ခြင်းမပြုကြရန်စသည့် အချက်များကို ပုံမှန်စစ်ဆေးကြပ်မတ်သွားကြရန်လိုကြောင်းနှင့် နေပြည်တော်ကို စံပြမြို့တော်အဖြစ် Clean City၊ Green City ၊ Smart City ဖြစ်စေရေး သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအမြဲဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်