နေပြည်တော် ဇန်နဝါရီ ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြသမည့် နေပြည်တော် ကိုယ်စားပြု ဒေသထွက် MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်ပြသထားမှုကို ကြည့်ရှု အားပေးသည်။
ထိုသို့ ကြည့်ရှုစဉ် စီးပွားရေး လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက ထုတ်ကုန်များအလိုက် ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှု အခြေအနေကို လိုက်လံရှင်းလင်းပြသပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင် အသီးသီးမှ ပြည်တွင်းကုန်ကြမ်းသုံးထုတ်ကုန် အမျိုးအစား ၈၃ မျိုး၊ သွင်းကုန် အစားထိုး တန်ဖိုးမြှင့်ထုတ်ကုန် အမျိုးအစား ၂၇ မျိုး၊ စိုက်ပျိုးရေးနှင့် မွေးမြုရေးအခြေခံထုတ်ကုန် အမျိုးအစား ၄၃ မျိုး၊ ပြည်ပပို့ကုန် အမျိုးအစား ၁၀ မျိုးနှင့် One Region One Product (OROP) ထုတ်ကုန်ပစ္စည်းအမျိုးအစား ၉၁ မျိုးတို့ကို ပါဝင်ယှဉ်ပြိုင် ပြသသွားမည်ဖြစ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပေါင်းကွင်း၌ (၇၈) နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပမည့် ကွင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ ပြခန်းများခန်းများ ဆောင်ရွက်နေမှုနှင့် MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရန် ဆောင်ရွက်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


