နေပြည်တော်   ဖေဖော်ဝါရီ    ၂၃

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပျဉ်းမနားမြို့ (ခုတင်-၂၀၀) ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ပင်စင်လစာ လာရောက်ထုတ်ယူကြသော အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ဆေးကုသရေးအဖွဲ့ကို လက်ဆောင်သစ်သီးခြင်းနှင့်   အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

ဆက်ကပ်လှူဒါန်း

 

ထို့နောက် နေပြည်တော် လယ်ဝေးမြို့ အမှတ်(၆)ရပ်ကွက် ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်ကြီး၏  ဦးစီးပဓာနနာယက  သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တဇနိန္ဒ၏ သက်တော်(၉၄)နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ပေါက်မြိုင် ပရိယတ္တိစာသင်တိုက်ဆရာတော်အား အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော်ကြီးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်  ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ဝေးမြို့ ကျက်သရေဆောင် သမိုင်းဝင် “ဖောင်တော်ချက်မ” စေတီတော်မြတ်ကြီး ပြန်လည်တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စေတီတော်ကြီး ပြန်လည်ပြုပြင်ရာတွင် သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက ထိခိုက်ပျက်စီးမှုမရှိစေရေး မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော နေပြည်တော်ကောင်စီ   ရင်းနှီးမြှုပ်နှံမှုကော်မတီ၏   (၁/၂၀၂၆) အစည်းအဝေးသို့ တက်ရောက်ရာ  နေပြည်တော် ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး အားပေးဖိတ်ခေါ် လျက်ရှိရာ  ရင်းနှီးမြှုပ်နှံမှု  လုပ်ငန်းအသစ်များကို သာမက ရှိပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အနေဖြင့်လည်း လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်လာစေရေး တိုက်တွန်းအားပေးလျက်ရှိကြောင်း  ပြောကြားပြီး တက်ရောက်လာသူများ၏  ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                       

 

အောင်မျိုးဝင်း(ဥတ္တရ)