နေပြည်တော် စက်တင်ဘာ ၂၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် မရမ်းခုံကျေးရွာရှိ စိုက်ပျိုး၊ စီးပွား အသိပညာပေးစင်တာ(KC)၌ ကျင်းပသည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး သီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်ရေး၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းနှင့် အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများထံ သစ်စိမ်း မြေဩဇာမျိုးစေ့(ပိုက်ဆံလျှော်)များ၊ သွင်းအားစု ဓာတ်မြေဩဇာများ၊ နေကြာမျိုးစေ့များ၊ လက်ဆွဲ အစေ့ချစက်များ ပေးအပ်ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းကျေးရွာ မင်းထက်ပိုင် ဆန်စက် လည်ပတ်ဆောင်ရွက်နေမှုနှင့် ကွင်းအမှတ် (၁၈၈၅) တောင်သူ ဦးထွန်းဝေ၏ ပေါ်ဆန်းယဉ် ၆၅ ဧက စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက် တိုက်အမှတ်(၂၃၁၀၉)၊ ဉာဏသိဒ္ဓိရပ်ကွက် တိုက်အမှတ်(၃၃၂၆)၊ တိုက်အမှတ် (၃၃၂၇)နှင့် တိုက်အမှတ်(၃၃၃၅) ပြန်လည်ပြုပြင်နေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ငလျင်ဒဏ်အပါအဝင် သဘာဝဘေးဒဏ်များ ခံနိုင်ရည်ရှိစေရန် သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီဆောင်ရွက်ရန်၊ အရည်အသွေး ပြည့်မီသော ဆောက်လုပ်ရေး ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျ ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)


