နေပြည်တော် ဇန်နဝါရီ ၁၁
နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်သည့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် စက်ချုပ်နည်းပညာနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေနံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ညောင်ကိုင်းကျေးရွာရှိ ပညာရောင်ခြည်ကျောင်းတိုက် မြတ်သုခဓမ္မာရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ၊ ရပ်ဖများ၊ ဒေသခံပြည်သူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားကာ သင်တန်းသား သင်တန်းသူများကို သင်တန်းဝတ်စုံများနှင့် သင်တန်းသုံးပစ္စည်းများပေးအပ်ပြီး ခင်းကျင်းပြသ ထားသည့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယနေ့ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၅ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၄၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားများအနက် ထူးချွန်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်လိုသူ ငါးဦးကို ရွေးချယ်ကာ တစ်ဦးလျှင် ငွေကျပ် ၁၄ သိန်းနှင့် ညီမျှသော အပ်ချုပ်စက်၊ ဓါးစက်၊ ဘီတင်စက်၊ ထုပ်သီးရိုက်စက်စသည့် ပစ္စည်းလေးမျိုးကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသား၊ သင်တန်း သူ ၁၄ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၁၄ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားများအနက် ထူးချွန်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်လိုသူ ငါးဦးကို ရွေးချယ်ကာ တစ်ဦးလျှင် ငွေကျပ် ၁၄ သိန်းနှင့် ညီမျှသော ဆပ်ပြာမွှေစက်၊ စတီးကန်၊ Hand Mixer ၊ Blendar နှင့် ဂရမ်ချိန်စက်စသည့် ပစ္စည်းငါးမျိုးကို ပေးအပ်သွားမည်ဖြစ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် ဥယျာဉ်ကျေးရွာ ကွင်းအမှတ် ၁၂၈၃ ရှိ ရေကြီးနစ်မြှုပ်လယ်ယာမြေ ၁၀ ဧကတွင် ရေဆင်းစပ်မျိုးနေကြာ - ၁ ဆောင်းနေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ် ရွေးစု (မြောက်) ကျေးရွာ အမှတ် (၈၅) အခြေခံမူလတန်းကျောင်းတွင် တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုကိုလည်းကောင်း၊ ညောင်လွန့်ကျေးရွာနှင့် သရက်ပင်ကျေးရွာ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရေတွင်းဖြူကျေးရွာရှိ ရွှေဟိန်းဆန်စက်တွင် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနေမှုကို လည်းကောင်း၊ နေပြည်တော် ပင်လောင်းလမ်းမကြီးနှင့် ရာဇဌာနီလမ်းမကြီးတစ်လျှောက်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက လမ်းမကြီးသန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်


