နေပြည်တော် နိုဝင်ဘာ ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ဧလာတိဏ္ဏဗုဒ္ဓရက္ခိတကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဧလာတိဏ္ဏစေတီတော်အား လှည့်လည်ဖူးမြော်ကြည်ညိုကာ အများပြည်သူ စိတ်ချမ်းမြေ့စွာ ဖူးမြော်နိုင်ရေး၊ စေတီတော်အတွင်းအပြင် သန့်ရှင်းရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာ အဝင်လမ်းအား ကျောက်ရောမြေ (ရိစာ) ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်ရှိ ရွှေလိပ်ပြာဆီစက် လည်ပတ်နေမှုကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများအချိန်မီပြီးစီးရေး၊ အရည်အသွေးမြင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ စားသုံးဆီများအား ပြည်ပမှတင်သွင်းမှုကို လျှော့ချပြီး ပြည်တွင်း၌ တိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် မှာကြားသည်။
ဆက်လက်၍ ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် ပတ်ဝန်းကျင် သန့်ရှင်းသာ ယာလှပရေးနှင့် မြေယာရှုခင်းများ ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာဝင်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး ကျောက်စီရေမြောင်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


