နေပြည်တော် ဖေဖော်ဝါရီ ၇

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်း–ဝက်စုကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတ်မှတ်ချိန်အတွင်း သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို မှာကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ငကောင်းကံအုပ်စု ဇောင်ချမ်းကုန်းကျေးရွာရှိ ကျေးလက်ဖွံ့ဖြိုးရေးခန်းမ၌ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများ နှင့်တွေ့ဆုံပြီး နေပြည်တော်အတွင်း ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် မြေပဲ၊ နှမ်း၊ နေကြာတို့ကို ဖြစ်ထွန်းနိုင်သည့် အနေအထားပေါ်မူတည်၍ စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန် ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဆိုလာရေတင် စနစ်ဖြင့် ဆောင်ရွက်သည့် ဆီထွက်သီးနှံဖြစ်သည့် နေကြာစိုက်ခင်းနှင့် VDP စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လူထုခန်းမလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများထံ သဘာဝဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား ငကောင်းကံအုပ်စု အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။

 

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက နေပြည်တော်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ပန်းတိုင်အထွက်နှုန်းများ တိုးတက်ထွက်ရှိရေး ဆောင်ရွက်ရမည့် လုပ်ငန်း များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ  နေပြည်တော်ကောင်စီဥက္ကဌက တောင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အနီးရှိ တပေါင်းကွင်း အတွင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများနှင့် ရိုးရာအစားအစာ ခင်းကျင်းပြသရောင်းချ နိုင်ရေးအတွက် ဆိုင်ခန်းများတည်ဆောက်နေမှုနှင့် တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု  အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)